၅၄။ သူမရဲ့အကျိုးဆောင်မှုအတွက် ဆုလာဘ်
"သခင်မလေးမုရုံ.. ဒီစိတ်ကူးသိပ်ကောင်းတာပဲ" ဘေးအန္တရာယ်အတွက်ဖြေရှင်းချက်ကို ကြားပြီး ရိတျန်းချီပြောလိုက်တယ်။
"ချီးမွမ်းပေးတာ ကျေးဇူးတင်ပါတယ် မင်းသားလေး" မုရုံရွှယ် ချိုသာတဲ့အပြုံးလေးနဲ့ပြောလိုက်တယ်။
ရှုနျန်ရှန်း ခေါင်းကိုငုံ့ချထားတယ်။ ဝတ်ရုံအောက်မှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒေါသထွက်နေရတယ်။ ဒီကိစ္စကို သူမကိုယ်တိုင်တောင် မယုံနိုင်ဖြစ်နေပေမယ့် မုရုံရွှယ်ကထူးခြားတဲ့အကြံဥာဏ်ကို တင်ပြနိုင်ခဲ့တာတော့ မငြင်းဆန်နိုင်ဘူး။ မုရုံရွှယ်ရဲ့စိတ်ကူးက ပြဿနာကိုအရင်းကနေ ဖြေရှင်းနိုင်လောက်ပြီး သူမအကြံထက်ပိုမို ရင့်ကျက်ပြီးသေချာပေါက် အကျိုးသက်ရောက်မှုလည်းပိုရှိတယ်။
"ကျွန်တော်အခုချက်ချင်း နန်းတော်ကိုပြန်ပြီး သခင်မလေးမုရုံရဲ့အကြံပေးချက်ကို ခမည်းတော်ဧကရာဇ်ဆီ သွားလျှောက်လိုက်ပါ့မယ်... မင်းရဲ့အကျိုးဆောင်မှုအတွက် ကျိန်းသေဆုလာဘ်တွေ ချီးမြှင့်မှာပါ!" ရိတျန်းချီ မုရုံရွှယ်ကိုတလေးတစားကြည့်ပြီး အလျင်အမြန်ထွက်ခွာသွားတယ်။
ရှုနျန်ရှန်း ရိတျန်းချီကိုယ်ပေါ်က လုံယန်ရနံ့ကိုရမှ သူမအတွေးထဲကရုန်းထွက်နိုင်ခဲ့တယ်။ သူမခေါင်းကိုမော့ပြီး "သိပ်ကောင်းတဲ့စိတ်ကူးပဲ... ဒါတကယ်ပဲရှင့်စိတ်ကူးဟုတ်ရဲ့လား သခင်မလေးမုရုံ?"
"ဒါမှမဟုတ်ရင် ဘာရှိသေးလို့လဲ? သခင်မလေးရှု" မုရုံရွှယ် နှုတ်ခမ်းအစွန်းနားလေးမြင့်တက်သွားတယ်။
"ဒီလိုစိတ်ကူးကို ဘယ်လိုရလာတာလဲ?" ရှုနျန်ရှန်း မုရုံရွှယ်အပေါ်အာရုံစူးစိုက်ထားပြီး သူမလှုပ်ရှားမှုတိုင်းကို အကဲခတ်နေတယ်။
"ကျွန်မငယ်ငယ်တုန်းက ဥယာဉ်မှုးတစ်ယောက်က ပန်းရုံဘေးနားကကန်လေးထဲကို လျှံနေတဲ့ရေတွေစီးအောင် မြောင်းအသေးလေးတူးတာမြင်ဖူးတယ်... အဲ့ကနေဒီစိတ်ကူးရလာတာပဲ" မုရုံရွှယ်သူမအကြောင်းပြချက်ကို ရှင်းရှင်းလေးပဲပြောလိုက်တယ်။ ဒါက ၂၁ရာစုမှာ ရေကြီးတာအတွက်ဖြေရှင်းပေးနိုင်ပြီး ရှေးခေတ်မှာလည်း သေချာပေါက်အသုံးဝင်နေတုန်းပဲ။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...