Part 26 (U&Z)

7.2K 1.1K 60
                                    

လှေကားထစ်များသဖွယ် ရေတံခွန်ငယ်လေးများသည် အဖြူရောင်ဇာပ၀ါပါးကို ခြုံလွှမ်းထားသလိုပင်။ အားလက်စ်ရောက်နေသည့် ထိုနေရာတွင် သာယာသော ရေစီးသံနှင့်အတူ ပျော်ရွှင်စွာ ကူးခတ်နေကြသော ရွှေငါးလေးများသာရှိသည်။ ပတ်၀န်းကျင်ကို ဂရုစိုက်ရှာဖွေဖြစ်သည်။ တိတ်ဆိတ်ငြိမ်းချမ်းသော ဒန်နရယ်၏ဗိမာန်နေရာတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိပါ။ ဒန်နရယ် ပြန်မလာသေးဘူးလားဆိုသည့် မေးခွန်းအတွက် အဖြေမရှိ။ လျှာဖျားထက်မှ ချိုမွှေးသော ပျားရည်၏အရသာသည် မပျောက်သွားသေး။ အလိုမကျမှုကြောင့် တွန့်ချိုးထားသော မျက်ခုံးများသည် နက်ရှိုင်းနေသည်။

ဒန်နရယ်..

သူတို့နှစ်ယောက်၏တွေ့ဆုံမှုသည် ယခုမှမဟုတ်။ သူ ငယ်စဥ်ကတည်းက။ သူ လူမှန်းသိတတ်သည့် အရွယ်ကတည်းက။ သူ့နားမှာ အမြဲရှိနေခဲ့သူ။ သူ့ကို ဂရုစိုက်ကြင်နာခဲ့သူ။ ဒီအရာတွေအားလုံးကို သူ သတိမရအောင် ပြုလုပ်ထားသူသည်လည်း ဒန်နရယ်ကိုယ်တိုင်ပင်။

"ခင်ဗျားဗျာ.. တောက်.."

ဒေါသနောက်မှာ ၀မ်းနည်းမှုတွေကပ်ပါနေသည်။ စကားလုံးကိုပင် အဆုံးထိ မရေရွတ်နိုင်လောက်အောင် ပင်ပန်းသလို ခံစားရသည်။ သံယောဇဥ်ဆိုသည့် ကြိုးများဖြင့် သူ့ကို ရစ်ပတ်ချည်နှောင်ခဲ့သည်။ ထို့နောက် မေ့ပျောက်စေခဲ့သည်။ ဒန်နရယ် မတရားလွန်းဟု ဒေါသဖြစ်မိပေမယ့် ယခုအချိန်မှာ စိုးရိမ်စိတ်သာ ကြီးစိုးနေသည်။ သူ ဒန်နရယ့်ကို တွေ့ချင်နေသည်။ ရုတ်တရက် အားလက်စ်‌ ခေါင်းကိုချာခနဲလှည့်လိုက်သည်။ အာရုံစူးစိုက်ကာ သူတို့နှစ်ယောက်တွေ့ဆုံခဲ့ရာ ဗိမာန်ဟောင်းနေရာကို လှမ်းကြည့်လိုက်သည်။

ထိုသူ၏ပုံရိပ်သည် မိမိရှေ့မှာမြင်နေရသလို ထင်ရှားသည်။ ဗိမာန်ပျက်ကြီး၏တစ်နေရာတွင် သစ်ပင်ကြီး၏ပင်စည်ကိုမှီကာ ထိုင်နေသည်။ ခေါင်းကိုမော့ထားပြီး မျက်လုံးများကိုမှိတ်ထားသည်။ လက်တစ်ဖက်သည် နှလုံးသားနေရာကို အုပ်ကာထားဆဲဖြစ်သည်။ လက်ချောင်းများကြားမှ နှလုံးသွေးစက်များသည် စိမ့်ထွက်နေဆဲ။

Dark AngelWhere stories live. Discover now