Extra 3 (Unicode)

8K 872 264
                                    

စပျစ်နွယ်များသည် သန်မာသော စပါးကြီးမြွေတစ်ကောင်လို အလိမ်လိမ်အရစ်ရစ်နှင့် အိမ်နံရံအပြင်ဖက်တွင် ရစ်ပတ်တွယ်တက်နေသည်။ ဆောင်းဦးချိန်ဖြစ်သောကြောင့် နီညိုရောင်၊ အ၀ါရောင် စပျစ်ရွက်များသည် ရောင်စုံပန်းချီကားချပ်တစ်ခုလို လှပနေစေသည်။ ၎င်းတို့ကြားမှ ခရမ်းရောင်စပျစ်သီးငယ်များသည် အရည်ရွှမ်းကာ စားချင့်စဖွယ်။

စပျစ်နွယ်များကြားတွင် အလုပ်ရှုပ်နေသူတစ်ယောက်။ ကျောပြင်ကိုသာမြင်ရသည်။ အေးချမ်းလှသည့် ရာသီပေမယ့် အပေါ်ပိုင်းတွင် မည်သည့်အ၀တ်အစားမှမပါ။ သန်မာသောကြွက်သားများသည် နေလောင်ထားသဖြစ် မဟော်ဂနီရောင်တောက်နေသည်။ နေရောင်သည် ကြံ့ခိုင်သော ကျောပြင်သို့ ဖြာကျနေသည်။ ချွေးစိုနေသော ဆံပင်နက်များသည် နေရောင်အောက်တွင် ငွေရောင်တောက်နေသည်။

ဒန်နရယ်၏ ခြေဖျားထိပ်တွင် စူးခနဲဖြစ်သွားသည်။ ကြက်ပေါက်စ အားလီလေး ဆိတ်လိုက်ခြင်းဖြစ်သည်။ ကြက်စာထည့်ထားသည့် ခွက်ငယ်ကိုကိုင်ကာ ငေးနေမိသည့် မိမိကို အပြစ်တင်ခြင်းပင်။

"အငတ်လေး။ သွားကွာ။ မကျွေးဘူး။"

ခြေထောက်ကိုခါကာအော်တော့ စပျစ်ခင်းထဲမှ လူငယ်သည် ကျောကိုမတ်ကာ လှမ်းကြည့်သည်။ မနက်ခင်းနေမင်းသည်ပင် ထိုအပြုံးလောက် အစွမ်းမရှိ။ ထိုသူ၏အပြုံးသည် တောတန်းတစ်လျှောက် တောက်ပသွားစေသည်။

"မင်းက ငေးနေတာကိုး။ အားလီ ဗိုက်ဆာနေပြီ။"

"ခင်ဗျားက ကျွန်တော့်ရှေ့ရောက်နေတာကိုး။"

"ဟောဗျာ။ အဲ့ဒီ့တော့ ငါ့အပြစ်လား။"

မျက်စိတစ်ဖက်မှိတ်ရုံ။ ချွေးစများကို လှမ်းသုတ်ရုံ။ မြေမှုန်များကပ်နေသော ဆံပင်များကို ထိုးဖွာခါချရုံ။ အမှတ်တမဲ့အပြုအမူအားလုံးသည် သံလိုက်ဓါတ်ကိန်းကောင်းနေသည်လား ထင်ရသည်။ ဘယ်အရာကမဆို ရူးသွပ်စေသည်။ ဒန်နရယ် ငေးမိသွားတာ အပြစ်မဟုတ်။

အပြုံးနှင့်အကြည့်လွှဲကာ ကြက်စာများကို ဖြန့်ကျဲပေးလိုက်သည်။ ဆူညံနေသော ကျိ ကျိ အော်သံများ တိတ်မသွား။ အစာကောက်နေရသောကြောင့် မအားပေမယ့် ကျိ ကျိ အသံကတော့မပျက်။ နားကွဲမလားထင်ရအောင် အော်နိုင်ကြသည်။

Dark AngelWhere stories live. Discover now