Part 19 (U&Z)

6.7K 972 17
                                    

မြေအောက်လှိုဏ်ဂူများနှင့် ဆက်စပ်ဖွဲ့စည်းထားသည့် ခန်းမကျယ်ကြီးထဲတွင် လေချွန်သံကြီးနှင့်တူသော လေတိုးသံသည် အဆက်မပြတ်ထွက်ပေါ်နေသည်။ အေးစက်သောလေသည် သာမာန်လူများအတွက် ဓါးပါးပါးနှင့် အလှီးခံရသလို ခံရခက်စေမည်ဖြစ်သည်။ နတ်ဆိုးများကတော့ ထိုအခြင်းအရာကို သတိထားမိဟန်မတူ။ မြေတွင်းထဲမှ ကြွက်မည်းကြီးများကဲ့သို့ ကျောက်ဆောင်ကျောက်တုံးများနောက်မှာ ပုန်းကွယ်ကာ ခန်းမလယ်မှ အားလက်စ်နှင့် ဂေါဒကို စိတ်၀င်တစား လှမ်းကြည့်နေကြသည်။

"ဒီ့ကောင့်ကြောင့် သခင်လေးရ။ အားလုံးဟာ ဒန်နရယ်ဆိုတဲ့ကောင်ကြောင့်။ အခုအချိန်မှာ သခင်လေးဟာ တစ်လောကလုံးရဲ့ အရှင်သခင် ဖြစ်နေရမှာ။ သူက သခင်လေးရဲ့ သားကို အသုံးချပြီး နေရာလုထားတာလေ။ ကျုပ်တို့အားလုံးကိုလည်း ဒီမှာ အကျဥ်းချထားတာ။ ဘာမှလုပ်ခွင့်မရှိဘူး။ ဘယ်မှသွားလို့မရဘူး။ မသဒ္ဓါရေစာကို မ၀တ၀စားရပြီး ညှင်းဆဲခံနေရတာ နှစ်ပေါင်းကြာလှပြီ။ တကယ်ဆို ကျုပ်တို့သာ ကြီးစိုးရမှာ။ လူတွေဆိုတာ ကျုပ်တို့ရဲ့အစာ။ နတ်ဘုရားတွေဟာ ကျုပ်တို့ရဲ့ ရန်သူ။"

နတ်ဆိုးဂေါဒ၏ စကားများတွင် နောက်ဆုံးနှစ်ခွန်းကိုသာ အားလက်စ် သေချာကြားလိုက်သည်။ လူသားများသည် အစာ။ နတ်ဘုရားများသည် ရန်သူ။ လက်မခံစရာအကြောင်းမရှိ။ ကျန်တာတွေကို သူ နားမလည်။ စဥ်းစားလို့လည်းမရ။

"ဒါဆို ကျုပ်ကို စေတန်ဘ၀က ဒီကောင်သတ်လိုက်တာပေါ့။ ဟုတ်လား။"

"အမှန်ပဲ သခင်လေး။ ကံကောင်းချင်တော့ သူက နတ်ဘုရားမရဲ့ နတ်ဓါးမြှောင်ကိုသုံးပြီး သတ်ခဲ့တာမဟုတ်ဘဲ သခင့်နှလုံးကိုသာ ဖျက်စီးခဲ့တာ။ ဒီတော့ သခင်က သခင့်သားရဲ့ ၀ိညာဥ်နဲ့ ပေါင်းစပ်နိုင်ပြီး အခုလို လူ့လောကကို ပြန်လာနိုင်တာပေါ့။"

"အရင်ဘ၀က ကျုပ်ရဲ့သား။ ဖရက်ဒီဆိုတာလား။"

"ဟုတ်တယ်။ ဟုတ်တယ်။ သူက အားနည်းတယ်။ နောက်ပြီး ဒီ ဒန်နရယ်ဆိုတဲ့ကောင်ရဲ့ချစ်သူ.."

"ထွီ.."

အားလက်စ် စက်ဆုပ်လွန်းသဖြင့် ဆက်မကြားချင်တော့။ ဒန်နရယ်ဆိုသည့် အမည်ကို ကြားရတိုင်း မိမိနားထဲသို့ အဆိပ်ရည်များလောင်းချခံရသလိုပင်။

Dark AngelWhere stories live. Discover now