Part 28 (U&Z)

7.4K 1.1K 138
                                    

(A/N .. So sorry for late update. Pls forgive me. T.T)


ပန်းရောင်လွှမ်းသော နှုတ်ခမ်းများမှ အပြုံးသည် စိတ်မသက်သာကြောင်း ဖော်ပြနေသည်။ ဖြောင့်စင်းသော နှာတံထိပ်နားသည် အနီရောင်ဘယ်ရီသီးလေးလို ခပ်ရဲရဲ။ မသိသာရုံလေး ကွေးစင်းနေသော မျက်ခုံးနှစ်ခုကြားတွင်တော့ အရေးကြောင်းငယ်နှစ်ခုသည် ထုံးစံလိုပင် ရှိနေသည်။ ကန်ရေပြင်တွင် အရိပ်ထင်နေသည့် ဒန်နရယ်သည် အားလက်စ်ငယ်စဥ်က မှတ်မိနေသကဲ့သို့ပင်။ ပြောင်းလဲမှုမရှိ။ ရွှေရောင်ဆံပင်များအစား နှင်းပွင့်များလို ဖြူနေသော ဆံပင်ရောင်က လွှမ်းမိုးနေသည်သာ ကွာခြားသည်။

ထိုဆံစများကို အားလက်စ် သတိလက်လွတ် ကိုယ်တွယ်မိသွားသည်။ မိမိရှိရာသို့ လှည့်ကြည့်သည့် မျက်လုံးပြာများတွင် စိတ်ဆိုးဒေါသဖြစ်ဟန်မရှိပေမယ့် အားနာစိတ်ဖြစ် လက်ကိုရုပ်သိမ်းဖြစ်သည်။ နူးညံ့သောပ၀ါစကို လွှတ်ချလိုက်ရသလို ဆံစများသည် အားလက်စ်၏ လက်ချောင်းများကြားထဲမှ လျှောခနဲကျသွားသည်။ ထိုအတွေ့သည် သူ့နှလုံးသားမှာ ကျောက်ခတ်တံဆိပ်တပ်ထားသလိုပင်။ အိပ်မက်မမြည်သော အားလက်စ်၏ မှတ်ဥာဏ်များထဲတွင် ဒန်နရယ်သည် မိမိပုံစံနှင့်အဖြစ်အပျက်များကို ပယ်ဖျက်ထားနိုင်ခဲ့သော်လည်း ဒီအတွေ့ကိုတော့ သူ ဘယ်တော့မှ မမေ့ခဲ့။

ညနေခင်းသည် မှောင်သည်ထက် မှောင်လာသည်။ အေးသည်ထက် အေးလာသည်။ ဒန်နရယ်၏ ပါးပြင်နှစ်ဖက်သည် ရဲလာသည်။ နားရွက်ဖျားမှာ နီလာသည်။ လေပြည်သည် ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်သွားချိန်တွင် ဒန်နရယ်သည် ရုတ်တရက် အေးသွားသလို လက်များကို ကွေးပိုက်လိုက်သည်။

"ခင်ဗျား ချမ်းနေတာလား။"

"ဟင်.."

"ခင်ဗျား.. ချမ်းနေတာလား။"

စကားကိုတစ်ခွန်းချင်း ပြန်မေးတော့ ဒန်နရယ်သည် အားလက်စ်ကို နားမလည်သလို လှည့်ကြည့်သည်။ နေ့နှင့်ညဆိုသည့် ခွဲခြားမှုကိုလည်းကောင်း၊ ပင်ပန်းခြင်းနှင့် အနားယူခြင်းဆိုသည့် သတ်မှတ်ချက်ကိုလည်းကောင်း၊ ပူသည် အေးသည်ဆိုသည့် ခံစားချက်များကိုလည်းကောင်း မေ့ထားခဲ့သည့် ဒန်နရယ့်အတွက် အားလက်စ်၏ မေးခွန်းသည် ထူးဆန်းနေသည်။ သို့ပေမယ့် ပခုံးနှစ်ဖက်ကို ပွေ့ဖက်ထားသည့် ဒန်နရယ်သည် ချမ်းအေးမှုကို ခံစားနေရသည်ကတော့ အမှန်ပင်။

Dark AngelWhere stories live. Discover now