Extra 1 (Unicode)

9.2K 764 32
                                    

မိုးသောက်ရောင်ခြည်သည် တောင်စွန်းပေါ်မှ ဖြာကျလာပြီဖြစ်သည်။ ပန်းရောင်သွေးရဲနေသော မိုးကောင်းကင် အနားစပ်သည် ရှက်သွေးကြွယ်သော အပျိုစင်လေး၏ ပါးပြင်လို။ လေညင်းကြားမှ ယိမ်းနွဲ့နေသော ပန်းပွင့်ငယ်များသည် ဖူးပွင့်‌ေ၀ရန် အားယူနေချိန်။

သာယာအေးချမ်းသော ပတ်၀န်းကျင်နှင့် မလိုက်ဖက်စွာ ရုတ်တရက် တောင်ပံခတ်သံများကြားလိုက်ရသည်။ တောကြက်မလေး၏ ကတော် ကတော် အော်သံများ ဆူညံနေသည်။

၀ုန်းခနဲ၊ ဒိုင်းခနဲ..

ပြိုလဲသံ။ တိုက်မိသံ။ ပြုတ်ကျသံ။

ဒန်နရယ် မျက်လုံးဖွင့်လိုက်သည်။ အိမ်ငယ်လေးထဲသို့ မနက်ခင်းအလင်းရောင် ၀င်မလာသေး။ တံခါးတွင်ကာရံထားသော သားရေပြားချပ်အောက်မှ တိုး၀င်နေသော အလင်းတန်းတစ်ချို့သာရှိသည်။ ခြံ၀င်းထဲမှ ကြက်မလေး၏ ကြောက်လန့်တကြား အော်သံသည် ပိုပြီးကျယ်လောင်လာသည်။ သို့ပေမယ့် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဘာသံမှမကြားရတော့။

အိပ်ရာမှ လူးလဲထကာ အိမ်အပြင်ဖက်သို့ အပြေးထွက်လာခဲ့သည်။

"အားလက်စ်.. ဘာဖြစ်.."

မေးခွန်းသည် တစ်၀က်တစ်ပျက်။ မျက်စိရှေ့မှာမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒန်နရယ် ဆွံ့အသွားသည်။ မြေမှုန့်များ၊ ဖုန်မှုန့်များ အလူးလူးနှင့် အားလက်စ်။ လက်ထဲတွင် ဟိုတစ်နေ့က သူတို့ဖမ်းမိထားသည့် ကြက်မသည် လည်လိမ်ကျိုးကာ တွဲလောင်းကြီးသေနေသည်။

"ဟာ.. မင်း .. ဘာလို့ သတ်ပစ်လိုက်တာလဲ။"

ခြေတစ်လှမ်းတိုးပြီးမှ ဆက်မသွားတော့။ မိမိရှေ့မှာ ရှိနေသူ၏ မာထန်နေသည့် မျက်နှာ။ ရက်စက်တတ်သည့် မျက်လုံး။ မည်သူ့ကိုမှ အရေးမစိုက်သည့် အကြည့်။ ဒန်နရယ့်ရှေ့မှာ ရှိနေသူသည် အားလက်စ် ဖြစ်သော်လည်း အားလက်စ်မဟုတ်။

"ဒါ ကျွန်တော်တို့ မွေးထားတာ။ ဘာလို့သတ်လိုက်ရတာလဲ။"

"ငါ စားမလို့။"

တစ်ခွန်းတည်းဖြေကာ ပခုံးချင်းယှဥ်တိုက်ပြီး ထွက်ခွာသွားသည်။ အလဲလဲအပြိုပြိုဖြစ်နေသော ကြက်ခြံငယ်ကိုကြည့်ရင်း စိတ်ဓါတ်ကျချင်သွားသည်။ နှစ်ရက်၊ သုံးရက်လောက် ပင်ပင်ပန်းပန်း ခုတ်ထစ်ပြင်ဆင်ထားခဲ့ပြီး ခြံခတ်ထားသည့် သစ်ခက် သစ်ကိုင်းများသည် သုံးလို့မရအောင် ပြိုပျက်နေပြီ။

Dark AngelWo Geschichten leben. Entdecke jetzt