အေးစက်မာကျောသည့် ကြွေပြားကြမ်းခင်းပေါ်က ကျွန်တော့်ကို တစ်စုံတစ်ယောက်က ပွေ့ချီသွားလေသလား ၊ အာရုံတို့ကထွေပြားစွာ ၊ ဆူညံသံတွေကြားမှာ ကျွန်တော်ဘာကိုမှ သဲသဲကွဲကွဲမကြားရပေ ။ ချွေးတွေရွှဲနေသည့် ကျွန်တော့်ကို ချီထားသည့် ထိုတစ်စုံတစ်ယောက်ကို အားနာမိသည် ။ မွန်းကြပ်မှုတို့ကြောင့် အသက်ကိုကောင်းကောင်းမရှုနိုင်သော်ငြား အားနာတတ်သည့်စိတ်ရင်းလေးကြောင့် အားယူကာ စကားပြောလိုက်သည် ။
" ကျွန်တော်...ရ..ရပါတယ် ''
အားအင်တွေစုစည်းကာ ပြောလိုက်ခြင်းဖြစ်သော်လည်း ထိုတစ်စုံတစ်ယောက်ကတော့ မကြားဟန်တူသည် ။ ရှိစုမဲ့လက်ကျန်အားလေးကို ခြစ်ကုတ်အသုံးပြုကာ မျက်လုံးတွေဖွင့်ကြည့်ကြည့်ပေမဲ့ မျက်မှန်မပါသည့် အမြင်တို့က ဝါးတားတားသာ ။ နောက်ဆုံးတော့ ထိုမျက်ဝန်းကိုဖွင့်ရန်ပင် မတတ်သာတော့ဘဲ တဖန်မှေးစက်ရပြန်သည် ။ အားနာပေမဲ့.... မှီခိုပါရစေ ။ အကြောင်းပြချက် မရှိသော်ငြား ၊ မည်သူမည်ဝါ မသိသော်ငြား ၊ ဒီရင်ခွင်ကို ရင်းနှီးနေသကဲ့သို့ ခံစားရသည် ။ လောလောဆယ်ကျွမ်းဝင်နေသည့် အရာမဟုတ်ခဲ့သော် တချိန်ကဖြင့် ထိတွေ့ခဲ့ဖူးသည့် အငွေ့အသက်တချို့က လှုပ်နှိုးခံရသလိုပင် ။ လုံခြုံဘေးကင်းမှုပေးနိုင်သည် ၊ အေးချမ်းတည်ငြိမ်ခြင်းနှင့် သိမ်မွေ့ညင်သာခြင်းတို့က အုပ်မိုးကာကွယ်ပေးထားသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" Junmyeon.... သား.. သား... မေမေပြောတာကြားလား....သားလေး ''
မေမေ့အသံကိုကြားနေရပေမဲ့ မျက်လုံးတို့က လေးပင်ဆဲ ။ စိတ်ပူနေတဲ့မေမေ့ကို ခေါင်းငြိမ့်ရုံသာ နှစ်သိမ့်နိုင်သည် ။ ထပ်မံကြိုးစားပြီးတဲ့အခါမှာတော့ စေ့ကပ်နေတဲ့မျက်လွှာကြားထံသို့ အလင်းရောင်တို့က အလုအယက်တိုးဝင်လာသည် ။ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မေမေငိုနေလိမ့်မည်ထင်သည် ။ အရင်လို အပြုံးလေးနှင့်တုန့်ပြန့်ဖို့ထိ ကျွန်တော့်မှာအင်အားမရှိသေး ။ ဆေးပိုက်နှင့်ဆက်သွယ်ထားသည့် အပ်ချောင်းကလက်ဖျံပေါ်မှာ နေရခက်စွာထိုးစိုက်လျက် ၊ ပိုးသတ်ထားသည့် ဆေးရုံခန်းထဲတွင် မေမေကလွဲပြီး မည်သူမှမရှိ ။

BẠN ĐANG ĐỌC
နစ်မွန်းဋီကာ Asphyxia
Fanfictionဤဋီကာအား ချစ်ခြင်းအားဖြင့်ချယ်မှုန်းစေကာမှု ကျေနပ်စွာခုန်ဆင်းမိသူသည် နစ်သထက်နစ်မြုပ် မွန်းသထက်မွန်းကျပ်မှုတို့ဖြင့် ဤဋီကာမှ နှုတ်ထွက်ခွင့်မရှိ လွတ်မြောက်ခွင့်မရှိ နာကျည်းခွင့်မရှိ ။ အနတ္တမဲ့ ရေပြင်ကျယ်အောက် ဘယ်အချိန်ထိ စုန်းစုန်းမြုပ်နေအုံးမလဲ ကျ...