Norway နိုင်ငံမြောက်ဘက်စွန်း အာတိတ်စက်ဝိုင်းမြောက်ဖျားပိုင်း ဝင်ရိုးစွန်းဒေသတစ်ခုအဖြစ်တည်ရှိတဲ့ Tromsø မြို့လေးရဲ့တစ်နေရာ... မကျဉ်းမကျယ်လမ်းလေးထဲ အင်္ကျီခပ်ထူထူဝတ်ကာ လည်ပင်းထက် မာဖလာလေးပတ်ရင်း စက်ဘီးနင်းရတဲ့အရသာကို ကျွန်တော်သဘောကျတယ်။ နှင်းမှုန်တွေကျဆင်းနေတဲ့ ဆောင်းဦးပိုင်းမို့ လတ်ဆတ်ပြီး အေးမြနေတဲ့လေထုအခိုးအငွေ့တွေကို ရှူရှိုက်ရတာကလည်း သဘောကျရတဲ့ အရာတွေထဲကတစ်ခု
ကျွန်တော်က တရုတ်လူမျိုး၊ ချုံချင်းသားတစ်ယောက်
ချမ်းသာတဲ့လူစာရင်းထဲမဝင်ပေမယ့် ပူပန်စရာမလိုတဲ့စားဝတ်နေရေး... အဆင်ပြေတဲ့မိဘအသိုင်းအဝိုင်းကြောင့် ဝါသနာပါရာကိုပဲ တစိုက်မတ်မတ်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီဇိုင်းပညာကိုစိတ်ဝင်စားလွန်းတဲ့ ကျွန်တော့်ကို Norwayရဲ့ သဘာဝကပေးတဲ့ အရိုင်းဆန်ဆန်လှပမှုတွေက ဆွဲဆောင်နိုင်ခဲ့တယ်ထင်ပါရဲ့...အထူးသဖြင့် အံ့သြစရာတွေပြည့်နှက်နေတဲ့ Tromsøမြို့လေး။ မွေးရပ်မြေမဟုတ်ပေမယ့် ခြောက်နှစ်နီးပါးအခြေချနေထိုင်ခဲ့တဲ့ Tromsøက အခုတော့ကျွန်တော့်ရဲ့ဒုတိယအိမ်လေးသဖွယ်... မိဘနဲ့အတူမနေရပေမယ့်လည်း ဖော်ရွေပြီးစိတ်ထားကောင်းမွန်တဲ့ အိမ်နီးနားချင်းတွေကြောင့် ဘဝက ထင်တာထက်ပိုပြီးနွေးနွေးထွေးထွေးရှိပါရဲ့