MARS 11 (Unicode)

8.5K 997 22
                                    


ညနေခင်းမို့ ကောင်းကင်က ပုဇွန်ဆီရောင်လှိုင်းထနေသည်။ နွေအလယ်မှာ လွင်ပြင်ကိုဖြတ်ပြီးတိုက်လာတဲ့လေက သဲမှုန်တွေနဲ့ အိုက်စပ်နေ၏။

မီနာက ကျောင်းခေါင်မိုးထပ်ကို လာခဲ့ဖို့ ပြောလို့်သာ သူတက်လာရတယ် မီနာရော ရှန့်ခုံးကိုရော သူမျက်နှာချင်းမဆိုင်ချင်။

ဘာတွေလုပ်ကြမှာလဲ။ ရုပ်ရှင်ဆန်ဆန်သုံးပွင့်ဆိုင်ရှင်းကြမှာလား။ တကယ်လို့ ရုပ်ရှင်တွေသာ ဆန်ကြမယ်ဆိုရင် သူ့ဇာတ်ရုပ်ကရော ဘယ်နေရာကလဲ။ အပယ်ခံ ဒုတိယမင်းသားလား။ အမုန်းခံဗီလိန်လူဆိုးလား။

"မင်းရောက်လာပြီလား"

ရှန့်ခုံးက လှေကားဆောင်ရဲ့ အမိုးရိပ်မှာ အေးအေးလူလူပုံစံနဲ့ ဘောင်းဘီထဲ လက်နှိုက်ပြီး နံရံကို မှီရပ်နေသည်။ ရိပေါ်ကိုမြင်မှ ကျောမှာပေနေတဲ့ ဖုန်ကိုခါပြီး အရိပ်အောက်က ထွက်လာသည်။ ရှန့်ခုံးပါးပေါ်မှာက တစ်နေ့က သူနဲ့အပြန်အလှန်ထိုးထားကြတဲ့ ဒဏ်ရာကရှိနေတုန်း။ ဖြူဥဥမျက်နှာပေါ်က အညိုအမည်းကွက်ကိုကြည့်ပြီး ရိပေါ်နောင်တရမိသည်။ သူတို့ရန်မဖြစ်ခဲ့ရင်အကောင်းသား။ ဒါပေမယ့် ရှန့်ခုံးက သူနဲ့ရန်ဖြစ်ပြီးလဲ ချက်ချင်းပြန်ခေါ်တတ်တဲ့သူပီပီ အခုလဲ စိတ်ထဲဘာမှအဖုအထစ်ရှိပုံမပေါ်။

ရိပေါ် ကျန်တဲ့ အခြေအနေကို တချက်ခြုံငုံကြည့်လိုက်သည်။ မီနာက ခေါင်မိုးစွန်းက လက်ရန်းအပြင်မှာ ရပ်နေသည်။ လက်ချောင်းတွေကတော့ သံလက်ရန်းကိုတင်းတင်းကိုင်ထားလို့ပေါ့။ ရိပေါ်လာတာကို မြင်တော့ လှည့်ကြည့်သည်။ နေရောင်က အနောက်ကနေ စူးနေတာမို့ သူ့မျက်နှာအမူအရာကို ရိပေါ်သေချာမမြင်ရ။

"အဲ့လိုလုပ်နေတာကြာလှပြီ"

ရှန့်ခုံးက ဘာမှမထူးဆန်းသလို မီနာ့ကို မေးဆတ်ပြပြီးပြောရင်း ရိပေါ်ကို သူ့ဘောင်းဘီအိတ်ထဲက ဆေးလိပ်ဗူးထုတ်ပြီး တလိပ်ကမ်းသည်။ ရိပေါ်လဲ ဘာလုပ်ရမှန်းမသိ ယောင်နနနဲ့ ဆေးလိပ်ကိုယူပြီး ရှန့်ခုံးမီးညှိပေးတာကိုဖွာလိုက်သည်။

မီနာက ဘာတွေစတန့်ထွင်ပြန်ပြီလဲလို့ သူတွေးနေမိပြန်၏။ သူ့ထက်စာရင် ရှန့်ခုံးက မီနာနဲ့ပိုနီးကပ်တဲ့လူ ပိုရင်းနှီးတဲ့လူ မီနာတစ်ခုခုဖြစ်တိုင်း ချော့မော့နေကျ လူဆိုတော့ အခုအခြေအနေကို သူကပိုသိမှာပဲ။

MARSWhere stories live. Discover now