Effect 1

404 11 14
                                    

🌹Unicode🌹

လူတစ်ယောက်ဟာ မွေးဖွားလာတည်းက သူ့တစ်ဘဝလုံး ဘယ်လိုဖြစ်ရမယ်ဆိုပြီး ဇာတာမှာ သတ်မှတ်ပြီးသားတဲ့။ဘုရားဟောအရဆို အတိတ်ဘဝက ကံတွေက ဒီဘဝမှာ အရောင်လာဟပ်သလိုပေါ့။အတိတ်ဘဝက ကိုယ့်လုပ်ရပ်တွေအတိုင်း ဒီဘဝမှာ ပေးဆပ်ရမယ့် ဇာတာနဲ့ မွေးဖွားလာသူတွေရှိသလို ရယူရမယ့်ဇာတာနဲ့ မွေးလာသူတွေလည်း ရှိတယ်။

လူတွေက ဒီဇာတာအရဖြစ်လာတဲ့ ကောင်းခြင်း၊ ဆိုးခြင်းမှန်သမျှကို "ဒါငါ့ကံကြမ္မာပဲ‌‌ေလ ဘယ်တတ်နိုင်မလဲ"ဆိုပြီး ရင်ဆိုင်လိုက်ကြတယ်။ရိပ်မေမေကတော့ ဒီဇာတာတစ်ခုလုံးကို ပြောင်းလဲပစ်ပြီးရှောင်လွှဲဖို့ ကြိုးစားခဲ့တယ်။သူ့သမီးလေးကို အကောင်းဆုံးတွေပဲ ရစေချင်တဲ့ မေတ္တာနဲ့‌ေလ။

' ရိပ်လေးရဲ့ ဇာတာက အရမ်းထူးဆန်းတယ် '

အကြားအမြင်ဆရာမက စာရွက်ပေါ်မှာ ရေးခြစ်နေရင်းနဲ့ သူမရှေ့မှာ စိုးရိမ်တဲ့မျက်နှာနဲ့ထိုင်နေတဲ့ မိခင်လက်ထဲက အနှီးထုပ်ကလေးကို ကြည့်လိုက်သည်။အနှီးထုပ်ထဲက ဖြူဖျော့ဖျော့မျက်နှာငယ်လေးက ပုံမှန်ကလေးတွေလို ငိုယိုမနေသလို ရယ်ပြုံးနေတာမျိုးလည်းမရှိ။တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပိစိလေးတွေက လျှို့ဝှက်ချက်တွေကို အတင်းမြိုချသိမ်းဆည်းထားသယောင်။

အကြားအမြင်ဆရာမက သူငယ်ချင်းဖြစ်သူရဲ့သောကကို သိပေမယ့်လည်း မပြောမဖြစ်တာကြောင့် အားယူကာ ချောင်းဟန့်လိုက်ပြီး

' သူ့ဇာတာက အရမ်းရှုပ်ထွေးတယ်။သူ့ရဲ့ဇာတာက တစ်ခုခုနဲ့ဆက်နွယ်နေသလိုမျိုးကို ရှုပ်နေတာ။‌နင်နားလည်အောင် ‌ပြောရရင် ကြိုးနှစ်ချောင်း လိမ်ပြီး ရစ်ပတ်ထားသလိုပေါ့။သူတို့ကို တစ်ကြိုးချင်းစီ ခွဲထုတ်လို့မရဘူး။တစ်ကြိုးပျက်စီးသွားရင် နောက်တစ်ကြိုးပါ ထိခိုက်သွားမယ့် ဆက်နွယ်မှုမျိုး။ဖြတ်ပစ်လို့ မရဘူး။ဒိထက် ပိုနက်နက်ရှိုင်းရှိုင်းရစ်ထွေးမသွားအောင်ပဲ ငါတို့လုပ်လို့ရတယ်။ဘယ်ကြိုးက ရိပ်လေးအတွက် ကောင်းလဲဆိုးလဲဆိုတာ မသိဘဲ ဖြတ်ပစ်ရင် ရိပ်လေးအတွက် အန္တရာယ်ရှိတယ် '

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now