(Unicode)
မိုင်းပွန်နယ်၏ လှပသော ရှုခင်းများဖြင့် ခြံရံထားသော တောအုပ်တစ်နေရာတွင် အချစ်ငှက်စုံတွဲလေးသည် ကူးလူးဖြတ်သန်းလျက်။
ရယ်သံခပ်လွင်လွင်တို့ဖြင့် လွှမ်းခြုံအပ်သော လေထုနွေးနွေးသည် မြင်းပေါ်က အမျိုးကောင်းသား နှစ်ဦးဘေးတွင် ရစ်ပတ်နွယ်ယှက်၍ပင်။
"လူကြီး"
"ပြောလေစ"
"အကယ်၍လေ ကျွန်တော်က ကျွန်တော်နေရာကို ပြန်ရမယ်ဆိုရင် လူကြီးဘယ်လိုလုပ်မလဲ"
"နောက်ကလိုက်ခဲ့ရော့မယ်"
တည်ကြည်စွာစကားဆိုလျက် ရှေ့တူရှုကို ကြည့်နေရာမှ ရင်ခွင်ထဲကို ပြန်ငုံ့ကြည့်လိုက်မိသည်။ နားရွက်ဖျားလေး နီရဲကာ ဦးသာကို ပြန်ကြည့်နေသော ကောင်လေးက ချစ်ဖွယ်အတိ။ ရှေးဘဝကုသိုလ်မြစ်ဖျားခံရာက အလွန်အားကောင်းနေပေလိမ့်မည်။ သို့ဖြစ်၍သာ ဤလူသားငယ်လေးက ဒီရင်ခွင်ထဲ ကိုယ်ပိုင်ကျွန်းတည်ထားနေနိုင်သည်။
"လိုက်လို့မရရင်ရော"
"ဟင်"
"လိုက်လို့မရရင်ရော ဘယ်လိုလုပ်မလဲ"
"သို့ဆိုလျှင် ခွန်နှောင်း မပြန်လေနှင့်ရော့"
"အင်း အမှန်ဆို ပြန်တောင်မပြန်ချင်တော့ပါဘူး"
ရင်ခွင်ထဲမှ ကောင်လေး၏ ဆံပင်အုပ်အုပ်ကလေးများကို နမ်းရှုံ့တော့ ခရေပန်းစိမ်ထားသော အုန်းဆီနံ့ ခပ်သင်းသင်းကို ရပါ၏။ ဘွားဥဆီက ယူလိမ်းလာခြင်းဖြစ်ပေလိမ့်မည်။ အလွန်ပင် သိမ်မွေ့နူးညံ့လှသော ထိုကောင်လေးကို ဘယ်မှ မသွားနိုင်အောင် သိမ်းထားချင်မိပြန်သည်။
"အဝေးကြီးမသွားတော့ဘူးနော် လူကြီး၊ မနက်ဖြန်ည မီးပုံပျံပွဲ သွားမှာဆိုတော့"
"မြင်းစီးမသင်တော့ပေဘူးလား"
"ဒီလိုမျိုးထိုင်စီးရတာကို ပိုသဘောကျနေပြီ"
"သျှန်ခွန်နှောင်းဟာ ဆိုးပေသိ"
"ဆိုးလည်း လူကြီးမှာ အလိုလိုက်ရမယ့်တာဝန်ရှိပါတယ်"
"တာဝန်မဟုတ်ပေရော့၊ စိတ်ထဲက လုပ်ပေးချင်လို့ လုပ်ပေးနေတာကို ဘာလို့နာမည်တပ်ရပါမလဲ"
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?