(Unicode)
Warning - major characters death , read with your own risk !
"ခိုးပြေးကြရအောင် ခွန်နှောင်းရယ်"
ညဉ့်ဦးယံအချိန်တွင် ကြယ်ကလေးများက တလက်လက်တောက်ပလျက်။ အိမ်ရှေ့ ဝရန်တာငယ်တွင် ဦးသာက ခွန်နှောင်းအား ရင်ခွင်ထဲထည့်ပြီး ကြယ်ကြည့်နေကြစဉ် ဦးသာ၏ နှုတ်မှ ထွက်ပေါ်လာသော စကား။
မယုံနိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေသော်လည်း စိတ်လှုပ်ရှားမှုတို့က ခွန်နှောင်းရင်ဘတ်ထဲတွင် ပို၍ အစိုးရသည်။ သူသည် အချိန်တန်လျှင် ဒီကမ္ဘာမှ ပျောက်ကွယ်သွားရမည့်သူ၊ ဟိုဘက်ကမ္ဘာသို့ ပြန်ရောက်လျှင် နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်ထမ်းရွက်ကာ အသက်ဆက်လက်ရှင်သန်ရမည့်သူ။
ဤအရပ်တွင် ပြုလုပ်ခဲ့သော အရှက်ရစရာမှန်သမျှတို့သည် သူ၏ဆက်လက်ရှင်သန်ရမည့် ဟိုဘက်လောကတွင် မည်သည့်နည်းနှင့်မျှ အကျိုးသက်ရောက်မှုမရှိနိုင်ပေ။
သို့သော် စဝ်စံဦးသာသည်ကား မတူ။
စော်ဘွားငယ်တစ်ဦးသည် သူ့၏ ချစ်သူအား ခိုးပြေးသွားခြင်းဆိုသည်မှာ ကျော်မကောင်း ကြားမကောင်း။ ထိုထက်ဆိုးသည်က ချစ်သူသည် ယောကျ်ားဘသားတစ်ဦး။
"ဘာလို့ အဲ့လို စဉ်းစားရသလဲ"
"မဟုတ်ရင်အကျွန် ခွန်နှောင်းနဲ့ ဝေးရရော့မယ်၊ အဲ့သလိုတော့ အဖြစ်မခံနိုင်ရော့ဘူးကွယ်"
"လူကြီးရဲ့ အရှက်သိက္ခာတွေကိုရော ဘယ်လိုလုပ်မလဲ၊ စကတည်းက ကျွန်တော်တို့မတွေ့ခဲ့ရမှာ၊ ကျွန်တော် ဒီကိုလည်း ရောက်မလာခဲ့ရမှာ"
ဦးသာက ခွန်နှောင်း၏ ဆံနွယ်အုပ်အုပ်ကလေးများကို ဖိသပ်ကာ နူးညံ့စွာဆိုရှာသည်။
"မချစ်မနှစ်သက်သော သူနဲ့ ပေါင်းသင်းနေထိုင်ရခြင်းသည်လည်း အမင်္ဂလာအရာမြောက်၏တဲ့ ခွန်နှောင်းရဲ့၊ တစ်သက်လုံး အမင်္ဂလာတော့ မယူနိုင်ရော့ဘူး"
"ကျွန်တော်က ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်၊ ကျွန်တော်နဲ့ ယူပြီးရင် လူကြီး ဘာလုပ်စားမလဲ"
"ရန်ကုန်ဆင်းပြီး စာရေးစာချီအလုပ်တော့ ရတန်ကောင်းပါရဲ့"
ခွန်နှောင်း ရင်ခွင်ထဲမှနေကာ ခေါင်းကိုမော့ကြည့်တော့ မြင်ရသည်က ဦးသာ၏ မေးရိုးထင်းထင်း။ လက်မြှောက်ကာ မျက်နှာကို ခပ်ဖွဖွကိုင်ကြည့်တော့ ဦးသာက ခွန်နှောင်းလက်ကို အပေါ်မှ အုပ်ကာကိုင်သည်။ အဆိုပါ မျက်နှာကို ဘယ်သောအခါမှ မမေ့သွားစေရန် အမြဲတမ်း ဆုတောင်းဖြစ်ခဲ့ပါသည်။ ဆုတောင်းတို့လည်း ပြည့်စေချင်ပါသည်။
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?