(Unicode)
မြူခိုးငွေ့ငွေ့များအပြည့်ဖြင့် လေဟာပြင်တစ်နေရာ။ အရှေ့သို့ကြည့်လျှင် မည်းမှောင်လျက်။ အနောက်သို့ကြည့်လျှင် ဝေဝါးလျက်။ ခွန်နှောင်းသည် ထိုနေရာတွင် ရပ်နေသည်ဟုလည်းမဆိုသာ။ ပျံနေသည်လည်းမဟုတ်။ ဒီတိုင်း မျောနေသကဲ့သို့။
ထိုအချိန်တွင် ရေအိုင်ကမ်းစပ်တစ်နေရာက ခွန်နှောင်းမျက်စိရှေ့ မှိန်ဖျော့စွာ ပေါ်လာလေသည်။ ထိုကမ်းစပ်တွင် အမျိုးသားနှစ်ဦးက ရေထဲခြေချကာ ထိုင်လျက်၊ ချစ်ကျီစယ်လျက်၊ မြူးတူးပျော်ပါးလျက်။
ရှမ်းပင်နီတိုက်ပုံနှင့် လူကြီးမှာ ခွန်နှောင်းရှိရာသို့ တစ်ချက်မော့ကြည့်လေရာ ခွန်နှောင်းအလွန်ပင် ထိတ်လန့်ခြောက်ချားသွားရပါသည်။
နှုတ်ခမ်းတို့က သွေးမရှိစွာ ဖြူဖျော့လျက်၊ ပါးရိုးတို့မှာ လွန်စွာ ချိုင့်ဝင်လျက်။ ထို့အပြင် ရင်ဘတ်တစ်နေရာမှ တစိမ့်စိမ့်ထွက်လာနေသော သွေးအရည်များ။ ထိုလူက ခြောက်ကပ်နေသော နှုတ်ခမ်းတို့ကို မနည်းတင်းကာ ခွန်နှောင်းအား ပြုံးပြပြီးနောက် ဘေးက ကောင်လေးကို လှမ်းဖက်ကာ မေးငေါ့ပြလေသည်။
ဘေးကကောင်လေးမှာတော့ ရုပ်ပျက်ဆင်းပျက်မဟုတ်။ သို့သော် ဖျော့တော့လွန်းသည်။
"ဒါ မင်းကို တို့တတွေခေါ်လာခဲ့တဲ့ ရေအိုင်ငယ်လေ"
ဟိုလူနှစ်ယောက်နှင့် ခွန်နှောင်းရှိနေသောနေရာသည် အတန်ငယ် ကွာဝေးသော်လည်း ကြားလိုက်ရသော စကားက နားအနားသို့ကပ်ပြီး ပြောလိုက်သယောင်ယောင်။
"ဟင်"
"ဒီရေအိုင်မှာ တို့တွေနေရော့တယ်။ ပြီးတော့ စဝ်စံမိသားစုကို မကျေနပ်လွန်းလို့၊ အတိတ်တစ်နေရာကို နှောင့်ယှက်စေချင်လွန်းလို့၊ မင်းက ဒီနေရာကို ရောက်နေရပြန်တယ်"
ခေါင်းတွေက ချာချာလည်အောင်မူးနေသော်လည်း ထိုင်ချ၍ပင်မရ။ လူကတောင့်တောင့်ကြီးဖြစ်နေရပြန်သည်။
"သို့ပေသိ မင်းနေရပ်ဌာနေကို ပြန်ရတော့မှာပါပဲလေ၊ မင်းရော စဝ်စံအငယ်လေးရဲ့ ဘဝရော နိဂုံးချုပ်ရင်ဖြင့်"
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?