(Unicode)
အခိုးငွေ့ငွေ့များ အုံ့ဆိုင်းနေပြန်သော နေရာတစ်ခု။ ဘေးပတ်ဝန်းကျင်တွင်လည်း အမည်တပ်၍မရသော အမှုန်ငယ်များက ဝေ့ဝဲလှုပ်ရှားလျက်။
"မင်းက ငါတို့ချမှတ်ထားတဲ့ ကံကြမ္မာကို ပြင်ဝံ့တယ်၊ ဟုတ်စ"
အသံစူးစူးက ဘေးမှ ထွက်ပေါ်လာပြန်တော့ ခွန်နှောင်း အသည်းအသန် ဦးနှောက်ကို ပြန်၍ အလုပ်ပေးရာ၏။
သူဆုံးသွားခဲ့ပြီ။ ထိုနည်းတူ လူကြီးလည်း ဇီဝိန်ကြွေခဲ့ရချေ၏။ ထိုကမ္ဘာမှ လွတ်မြောက်သွား၍ ပေါ့ပါးမည်ကြံသော စိတ်အစုံတို့ကို ဝမ်းနည်းစိတ်က နေရာယူကာ ရင်ခေါင်းထဲဆန်တက်လာလေသည်။
သူချစ်ရသူက သေဆုံးသွားခဲ့သည်။ သူချစ်ရသူက သူ့ကဲ့သို့ အခြားကမ္ဘာမရှိ။ သေဆုံးသွားခြင်းဖြင့် ဘဝနိဂုံးချုပ်ရာ၏။
"ဒီအဖြစ်အပျက်တွေအကုန်လုံးဟာ မေ့ပျောက်သွားဖို့ ရည်ရွယ်ခဲ့ရော့တယ်၊ သို့ပေသိ သျှန်ခွန်နှောင်း မင်းဟာ ကံကြမ္မာကို သွေဖည်သူမို့ ဒီအဖြစ်အပျက်က မင်းခေါင်းထဲမှာပဲ စွဲထင်နေပေလိမ့်။ တစ်ဖက်သူဘက်က မေ့လျော့ခြင်းကို မင်းခံစားရပေလိမ့်။ စဝ်စံဦးသာကလည်း ချစ်ရသူကို မေ့ကာ၊ မုန်းတီးစိမ်းသက်မှုတချို့နေရာယူ၍ ဘဝဟောင်းကိုမေ့နေစေပါလိမ့်"
အသံနက်နက်က ဘေးပတ်ဝန်းကျင်ကို ခြုံလွှမ်းအပ်သောအခါ နားကိုပိတ်ကာ အလူးအလဲထအော်မိသည်က စဝ်စံဦးသာ၏ အမည်နာမ။
"စဝ်စံဦးသာ၊ စဝ်စံဦးသာ လူကြီး ကျွန်တော့်ကို မေ့သွားလို့မဖြစ်ဘူးလေ၊ စဝ်စံဦးသာ !"
ရုတ်တရက် လေထဲလွင့်သွားသည့် ခံစားချက်မျိုးရသည်။
ဟာကနဲ၊ လှိုက်ကနဲ။ ရင်ထဲအေးသွားသည့် ခံစားချက်မျိုး တိုးဝင်လာပြန်ပါ၏။
~~~~~~
"သား သားငယ်၊ သတိထားစမ်း"
"သားရေ၊ မေ့သားရေ"
မြင်လွှာနှစ်လွှာကို ဖွင့်လို့ဟကာ ကောင်းစွာအလုပ်ပေးတော့ မေမေနဲ့ ဖေဖေက ခွန်နှောင်းကို အပေါ်စီးမှ အုပ်မိုးကာ ကြည့်နေသည်။
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?