( 30 )

8.4K 1.5K 81
                                    

unicode

ကောနားမှာ အမြဲတမ်းရှိနေမယ် တဲ့။ ကြားရတာက နားဝင်ချိုစရာကောင်းသည်။ ဒါပေမယ့် အမြဲတမ်းရှိနေမယ်ဆိုတဲ့ စကားကို လက်တွေ့မှာ စောင့်ထိန်းဖို့က တကယ်ခက်လှသည်။ ရှင်ကွဲပဲဖြစ်ဖြစ် သေကွဲပဲဖြစ်ဖြစ် ထိုစကားကို ချိုးဖောက်သွားကြတာချည်း။

သူ့နားမှာ အမြဲတမ်းရှိနေပေးမယ်လို့ ဆိုဖူးတဲ့သူက ရိပေါ်  တစ်ယောက်တည်းမဟုတ်။ ထိုစကားကို သူ့အမေလည်း ဆိုခဲ့ဖူးသလို သူ့အချစ်ဦး ရင်းယန်လည်းပြောခဲ့ဖူးသည်။

ငယ်ငယ်က အိမ်မှသပွတ်အူ မွေးချင်းတွေနဲ့ နပန်းသတ်ပြီးတိုင်း သူပွင့်ပွင့်လင်းလင်း ရင်ဖွင့်ရာက သူငယ်ချင်း ရင်းယန်ဆီမှာ။ အမေဆီမှာ ရင်ဖွင့်ရင် အမေကသူ့ကို သည်းခံဖို့ အမြဲပြောတာကြောင့် နောက်ပိုင်း သူ မပြောချင်တော့။ မှားမှားမှန်မှန် သည်းခံရမည်ဆိုသော အမေ့ဆုံးမစကားက ဆယ့်နှစ်နှစ်သား သူ့ကို စိတ်ကုန်စေသည်။

နောက်တော့လည်း အမေဆီမှာ မပြောတော့ဘဲ သူ့ဘက်က ရာခိုင်နှုန်းပြည့် ရပ်တည်သည့် ရင်းယန်ဆီမှာသာ ရင်ဖွင့်ဖြစ်လာသည်။ သူ ရင်ဖွင့်ပြီးတိုင်း ရင်းယန်အမြဲပြောလေ့ ရှိသည့် စကားတစ်ခွန်းရှိသည်။

# ငါ အမြဲတမ်း နင့်ဘက်ကဆိုတာ သိတယ်မလား ငါ နင်နဲ့အမြဲတမ်း အတူရှိနေပေးမယ် ရှောင်းကျန့် #

အဲဒီစကားမှာ သူနစ်မျောမိသွားတော့ သူ့အနာဂတ်အိမ်ထောင်ဘက်ဟာ ရင်းယန်ပဲ ဖြစ်ရမည်ဟု စိတ်ကူးယဉ်ဆုံးဖြတ် ထားသည်အထိ။ အထက်တန်းရောက်ရင် ဖွင့်ပြောမည်။ အထက်တန်းပြီးရင် ဖွင့်ပြောမည်နှင့် တက္ကသိုလ်ရောက်မှ ဖွင့်ပြောဖြစ်ခဲ့သည်။

သူဖွင့်ပြောလျှင် ရင်းယန်က ကျိန်းသေလက်ခံမည်ဟု ထင်မှတ်ထားခဲ့ပေမယ့် ရင်းယန်မှာ ချစ်သူရှိနေပြီတဲ့။ သူ ဝမ်းနည်းစွာ လက်လျော့ခဲ့ပေမယ့် ရင်နာစရာကောင်းတာက ရင်းယန်က သူ့ကို ဖယ်ခွာလာသည်။

အကြောင်းပြချက်က ရင်းယန်ရည်းစားက သူနဲ့ရင်းယန် အတူရှိသည်ကို သဘောမကျလို့ပါတဲ့။

နင့်ဘက်က အမြဲတမ်းရှိပေးမယ်။ နင့်နားမှာ အမြဲတမ်းရှိပေးမယ် လို့ဆိုခဲ့တဲ့ ရင်းယန်က လူတစ်ယောက်ကြောင့် သူ့ကို စွန့်ခွာသွားတော့သည်။ သူကလည်း မာနခပ်ကြီးကြီး ထဲကပဲမို့ ရင်းယန်ဘက်က အဆုံးစွန် ဖြတ်မချခင် သူ့ဘက်က အကုန်ဖြတ်ချကာ တက္ကသိုလ်ကထွက်ပြီး လန်ဒန်မှာ ပညာသွားသင်သည်အထိပါပဲ။

My Beloved PartnerWhere stories live. Discover now