[Zawgyi]
Memory 🐉💫🐼အပိုင်း (19) Wish
ကားဟွန်းကို သုံးလေးချက် ဆင့်ကာဆင့်ကာ ဖိနှိပ်လိုက်တော့မှ ကကျိုးကဂျောင်မောင်းနေသော ရှေ့ကားက လမ်းကို ခွမောင်းနေရာမှ ဘေးလိုင်းသို့ ချမောင်းလေသဖြင့် Jiyong ထိုကားကို ကျော်တက်ရန် အရှိန်ကိုမြှင့်တင်လိုက်သည်။
မိနစ်ပိုင်းအတွင်းပင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် Jiyong ကားထဲမှ ခပ်မြန်မြန်ဆင်းလိုက်လေတော့ မိမိမျက်နှာချင်းရှိ တိုက်လှေကားမှ အဝတ်အစား ဖရိုဖရဲဖြင့် ဆင်းလာသော Min Ho ကိုတွေ့ရလေသည်။
" Min Ho မင်းအဆင်ပြေရဲ့လား..."
" အင်း ပြေတယ် Jiyong ... အခုပဲ ဟိုအုပ်စုကို ဖမ်းမိသွားပြီ..." ဟု ရှင်းပြနေသော Min Ho မှာ အလွန်ပင် မောဟိုက်နေပုံပေါ်ဧ။်။
Jiyongက သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ ကမ်းပေးလိုက်ရင်း...
" ရော့ မင်းမျက်နှာကို သုတ်လိုက်ဦး... ငါ့ကို ခေါ်မှပေါ့ တစ်ဖက်အုပ်စုက လူများတဲ့ဟာကို..."
Min Ho က လက်ခါပြရင်းဖြင့်...
" မင်းတနေ့ကမှ ဒဏ်ရာ ရထားတာကို... အဖွဲ့မှူးကလည်း မင်းထပ်ပြီး ထိခိုက်မှာစိုးလို့ ဒီအမှုတွဲမှာ ဝင်မပါခိုင်းဘူး..."
" ငါသက်သာနေပါပြီ... မင်းအပြင် အခြားသူတွေရော ထိခိုက်သွားသေးလား..." ဟု Jiyong က ပူပန်စွာ မေးလိုက်တော့ Min Ho က ခေါင်းခါပြရင်း...
" အနည်းအကျဉ်းတော့ ထိကြတာပေါ့ ထုံးစံအတိုင်းပဲပေါ့ကွာ ... မင်းသာ သက်သာအောင်နေဦး မဟုတ်ရင် မင်းချစ်သူလေးက ငါ့ကို ရန်လာတွေ့နေဦးမယ်..." ဟု Min Ho ရယ်လျက်ဆိုသော်လည်း မရယ်နိုင်သူက Jiyongပင်။
" ဟိတ်ကောင်... မင်းမျက်နှာက မရွှင်မလန်းနဲ့ပါလား... ဘာလဲ အဆင်မပြေကြဘူးလား..." ဟု Min Ho မေးလေတော့...
Jiyong က သူ့ဆံပင်တွေကို လက်ဖြင့်ထိုးဖွလိုက်ပြီး...
" ငါ့ချစ်သူက ဒီမနက်ပဲ ငါ့ကို စိတ်ဆိုးနေတယ် ငါကလည်း ကောင်းကောင်း မချော့တတ်တော့ သူကပိုစိတ်ကောက်နေရော... အခုလည်း မင်းဆီက စာတွေ့တာနဲ့ ချက်ချင်းထွက်လာခဲ့လိုက်တာ ဒီကလေးလေး မနက်စာတောင်စားပါ့မလား မသိဘူး..."