မနေ့ညက ကိုယ်အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ဆိုတာ တကယ်မဟုတ်ပေမယ့် အိပ်မက်ထဲမှာတော့ တကယ်ဖြစ်နေသလို ခံစားကြရတာပဲလေ။
အိပ်မက်ထဲမှာ ကိုယ်ဟာ ပင်လယ်ကမ်းခြေတစ်ခုကို ရောက်နေတယ်။ အပန်းဖြေဖို့ဖြစ်ဖြစ်၊ အပျော်ဖြစ်ဖြစ်ပေါ့။ အိပ်မက်ထဲမှာတော့ ကိုယ်က ပျော်နေတာပဲ။ အပျော်ကြီး ပျော်နေတယ်။ ဘယ်သူနဲ့ရှိလဲ မမှတ်မိဘူး။ အိမ်နဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်းတွေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။
အဲ့လိုနဲ့ ပျော်ရင်းကနေ ထူးထူးဆန်းဆန်း ပျားတွေက ကောင်းကင်ကြီးကို စိုးမိုးထားတယ်တဲ့။ ကောင်းကင်တစ်ခုလုံး ပျားတွေ ရှိတဲ့နောက် ရုတ်တရက် ပျားတွေ ပျောက်သွားတယ်။ အိပ်မက်ထဲကကိုယ်က ဒါဟာ တစ်ခုခုရဲ့ ရှေ့ပြေးဆိုတာ သိလိုက်တယ်။
မကြာခင်မှာပဲ လှိုင်းတွေ ငြိမ်သက်သွားတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်နေရကနေ ပင်လယ်ပြင်ရဲ့ အလယ်တည့်တည့်မှာ လှိုင်းဂယက်ကြီး အကြီးကြီးပဲ။ လူအရပ်ထက် ဆယ်ဆမကမြင့်တဲ့ လှိုင်းကြီးတွေ၊ ဆူနာမီလိုလို မုန်တိုင်းတစ်ခုလိုလို။ သမုဒ္ဒရာရဲ့ အလယ်မှာလည်း လေဆင်နှာမောင်းကြီးက သူ့အရှိန်နဲ့သူ ဝေ့ဝဲနေတာပဲ။
မုန်တိုင်းဟာ တဖြည်းဖြည်းရင့်လာတာနဲ့အတူ ကိုယ်သိလိုက်တာက ကိုယ်တို့ ဟိုတယ်တွေ အကောင်းတစ်ခုမှ ကျန်တော့မှာမဟုတ်သလို ကိုယ်တို့လည်း အသက်ရှင်ရက်ရှိတော့မှာမဟုတ်ဘူးတဲ့။
ကိုယ့်မှာ ကျန်ရှိနေတဲ့ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်ရေးအတွက် ကိုယ်ဘာကိုမှ တခုတ်တရ မကြိုးစားတော့ဘူး။ မလွတ်နိုင်မှန်း သိသိရက်နဲ့ ဝဲဂယက်ထဲ အငြိမ်သက်ဆုံးငြိမ်သက်နေတယ်။ အဲ့လိုငြိမ်သက်ရင်းနဲ့ သူ့ကို သတိရတယ်။
ကိုယ်က လေးကိုဖုန်းခေါ်လိုက်တယ်ဆိုတာ မှတ်မိတယ်။ လေးဟာ ကိုယ်နဲ့ ဖုန်းမပြောဖြစ်တာ အတိအကျပြောရင် ၉လလောက်တောင် ကြာပြီ။ လေးရဲ့ ပါးချိုင့်လေးကိုလည်း လွမ်းလာတယ်။ ကိုယ့်ရဲ့နောက်ဆုံးအချိန်မှာ ကြောက်လန့်တကြား လေးဆီဖုန်းခေါ်နေမိတယ်။
ကိုယ်က မျှော်တမဲ့မဲ့ ဝုန်းဒိုင်းကြဲဖြစ်စဉ်တွေကို ငေးရင်း ကိုယ့်အလှည့်ဆိုတာကို စောင့်နေတယ်။ လေးက ထူးထူးဆန်းဆန်း ဖုန်းကိုင်တယ်။ လေးနဲ့ အဆက်မရှိတဲ့ အဆက်ဟောင်းရဲ့ ဖုန်းကို လေးဟာ ဘယ်လိုစိတ်မျိုးနဲ့ ပြောမလဲ ကိုယ်သိပ်စိတ်ဝင်စားပါတယ်။ လေးက စိတ်ထဲက လှောင်နေဦးမှာ မဟုတ်ဘူးမလား။
ကိုယ်ဟာ ရုပ်ရှင်ထဲကလို နောက်ဆုံးလက်ကျန်အချိန်မှာ လေးကိုဘယ်လောက် သတိရကြောင်း၊ လေးနဲ့အတူ ရှိခဲ့ဖူးတဲ့ အချိန်တွေကို လွမ်းကြောင်း၊ လေးကို တစ်သက်စာရှိစေချင်ခဲ့ကြောင်း ပြောတော့ လေးက ပါးချိုင့်လေးတွေကို ပေါ်အောင် တစ်ချက်ပြုံးလိုက်ပြီး ခေါင်းငြိမ့်တယ်တဲ့။ ကိုယ်ဟာ လေးကို မြင်နေရတာ မဆန်းကြယ်ဘူးလား။ လေးဟာ ကိုယ်တို့ ရှိနေတဲ့ ကမ်းခြေရဲ့ ကမ်းသောင်ပြင်ပေါ်မှာ ထိုင်နေတယ်။
"လေးတို့ဘဝတွေဟာ တစ်ခဏစာပါ မောင်ရယ်" ဆိုပြီး လေးက ပြောတယ်။ လေးရဲ့ မျက်တောင်လေးတွေကနေ မျက်ရည်ဥလေးတွေ တွဲကျတယ်။
ပတ်ဝန်းကျင်တစ်ခုလုံး လှိုင်းလုံးကြီးတွေ ဖုံးကုန်တယ်။ လေးပြောသလို ဘဝလိုပါပဲကွယ်။
၁၂ဂျူလိုင်၊ ၂၀၂၀
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ