6: ဘုရားကျေးဇူးတင်သူများ

61 5 0
                                    


သမုဒယလှောင်အိမ်အထပ်ထပ်မှာ
ပိတ်လှောင်ခြင်းခံခဲ့ရတဲ့လူသားမျိုးနွယ်စုဟာ
မိရိုးဖလာကို ကျမ်းပြုကိုးကွယ်တယ်။
ကမ္ဘာဟာ ထာဝရဝိုင်းနေမယ်လို့
သစ္စာဆိုခဲ့တဲ့ လူသားတွေဟာ
သဘာဝကို ဆန့်ကျင်၊ မလွန်ဆန်နိုင်ကြ။
သဘာဝဆိုတာ ဘာလဲ၊
မေးခွန်းတိုင်းမှာ ရေရာသေချာတဲ့အဖြေမရှိ။
အဖေက ငါ့ကို လက်သီးနဲ့ရွယ်၊
အမေက ငါ့ကို လက်ဝါးနဲ့ရွယ်၊
ပတ်ဝန်းကျင်ကထိုးတဲ့ လက်ညှိုးတွေ။

ခေါင်းငုံ့ပါများလာတဲ့အခါ
ငါ့ခေါင်းကို ဦးညွတ်မြဲလို့ ယုံနေကြတယ်။
ငါ့အမှားလို့ ငါ့အားပြောပါများတဲ့အခါ
ငါဟာ အမှားတစ်ခုလား၊
ငါ့ဘဝက မှားနေပြီလား။
ဝတ်မှုန်အဖိုဟာ နောက်အဖိုနဲ့
ကူးလူးပြီး ပန်းပွင့်မဖြစ်နိုင်ဘူးလား။

ငါတို့တွေလက်မှာ သွေးမရှိဘူး၊
​ငါတို့ရဲ့လမ်းမှာ တခြားဘဝကို ချမနင်းခဲ့ဘူး၊
ငါတို့တွေမှာ ရာဇဝတ်မှုမရှိဘူး၊
ငါတို့ဟာ မုဒိန်းကောင်တွေမဟုတ်ဘူး၊
ငါတို့ဟာ မိဘကိုလုပ်ကျွေးသူတွေ၊
ငါတို့ဟာ ငွေဖြူရှာသူတွေ။

ငါတို့သမိုင်း ငါတို့ရေးလာတဲ့အခါ၊
ငါတို့မျိုးဆက်တွေဘဝဟာ
ပန်းတစ်ပွင့်လို လွန့်လူးနိုင်မယ်၊
ငါတို့ တိတ်ဆိတ်ခြင်းဟာ
ပန်းပွင့်ငယ်တွေကို သတ်ဆိတ်ပစ်တာပဲ။
ဘဝအသစ်၊ မျိုးဆက်အသစ်တွေအတွက်
ငါတို့ သမိုင်းပေးတာဝန်ကျေတဲ့အခါ
ငါတို့ အာဇာနည်တွေဖြစ်လာမယ်။
ဘုရားစိတ်မပူတဲ့လူသားမျိုးစုဖြစ်လာမယ်။
ဘုရားနားအေးပါးအေး စံတော်မူရတဲ့အခါ
ဘုရားကျေးဇူးတင်သူတွေ ဖြစ်လာကြတယ်။ ။

နေသစ်သွေး
၁၂ရက် မေလ၊၂၀၂၀

"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်Where stories live. Discover now