အရာခပ်သိမ်းပျက်သုဉ်းနေတဲ့ အချိန်ယန္တရားရဲ့ ဘယ်နေရာမှန်းမသိတဲ့ နေရာတစ်ခုမှာ ငါရောက်နေတာပေါ့။ ငါညက အိပ်မက်ထဲမှာတော့ အိပ်နေရင်း လမ်းထလျှောက်တာပဲ။ အိပ်မက်ထဲမှာပါ ထပ်အိပ်နေရတာ ပျင်းဖို့တော့ အနည်းငယ်ကောင်းတယ်။ အဲ့လိုနဲ့ ငါလမ်းလျှောက်ရင်း အိပ်နေမြဲပဲ။ ငါလမ်းလျှောက်ရင်း တွေးတယ်။ ဟဆိုတဲ့ အမည်နာမတစ်ခုနဲ့ ယူဇနာအသင်္ချေဝေးတဲ့ စကြဝဠာရဲ့ အမှောင်မိုက်ဆုံးနေရာမှာ လင်းတဲ့ ကုဆိုတဲ့ ဂြိုဟ်ခဲကို ကြယ်လို့ ငါနာမည်ပေးလိုက်တယ်။အဲ့လိုနဲ့ တစ်နေရာရာရောက်တော့ ငါခြေထောက်မှာ စိုစိစိ ခံစားလာရတယ်။ ငါငုံ့ကြည့်လိုက်တော့ ငါနင်းထားတဲ့ သွေးကွက်တွေ။ ငါ့အရှေ့မှာ ငါမြင်နေရတာတွေ၊ ငါမကြည့်ရဲတာတွေ၊ ငါလန့်ထိတ်မိတာတွေ။ တကယ်တော့ ငါကြောက်နေတာ ဘဝဟာ အကြောက်တရားတွေ စိုးမိုးနေတယ်။ ငါလိုးမဘဝကြီးဆိုပြီး ငါဆဲရေးတိုင်းထွာလိုက်တိုင်း သွေးကွက်တွေထဲ ခေါင်းပြတ်တွေက ငါ့ကိုရယ်တယ်။ မပျော်တဲ့သူတွေ အသက်ရှင်နေရတာကို ကြည့်ပြီး စကြဝဠာထဲက ဟကုက ရယ်ပါတယ်။ ခက်ခဲတာတွေ ပင်ပန်းတာတွေ သေဆုံးရမယ့် စစ်သည်တော်တစ်ယောက်ဟာ သေရမယ့် ပွဲကို ကျားကန်တိုက်နေခဲ့ရတာ။ ဟကုရယ်တယ်။ ဟကုငိုတယ်။
ကြယ်လေးတွေဟာ အမှောင်မိုက်ဆုံးအချိန်မှာ ငိုကြလားမသိပေမယ့် သေဆုံးသွားတဲ့ ကြယ်တွေရဲ့ ခေါင်းမှာ ခေါင်ရမ်းပန်းတွေ ရဲရဲနီနေတယ်။ ဟကုရဲ့ အမှောင်မိုက်ဆုံးချိန်တွေကို သွေးကွက်တွေထဲမှာ တွေ့တယ်။ ကြယ်တွေဟာ ဘယ်အချိန်မှာ လူတွေကိုရှာတတ်လဲမသိပေမယ့် ဟကုကတော့ မျက်ရည်တွေထဲကို ရှာရတယ်။ လူလား ကြယ်လားမသိတဲ့ ရင်ထဲက မြင့်မြတ်တဲ့ ပန်းတစ်ပွင့်ကို အမှောင်ခေတ်ရဲ့ အိပ်မက်ဆိုးအဖြစ် ငါက အမည်နာမတပ်လိုက်တယ်။ အဲ့ဒီအိပ်မက်ဆိုးကို ဟကုလို့ အမည်ကင်ပွန်းတပ်တဲ့နေ့မှာ သွေးကွက်တွေ ပွက်ပွက်ဆူတယ်။ အဲ့ဒီညမှာ ငါဟာ ဟကုရဲ့အိပ်မက်တွေထဲက အိပ်မက်ကနေ လန့်နိုးလာခဲ့တယ်။
နေသစ်သွေး
၂၃/၆/ ၂၀၂၁
နံနက် ၁၂:၄၇
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ