ကျွန်တော်သူ့ကို သတိရတိုင်း စာတစ်စောင် ချရေးတယ်။ သူကြိုက်တဲ့ ကော်ဖီခါးခါးသောက်တယ်။ သူညတိုင်းနားထောင်တဲ့ "ဒဏ္ဍာရီ"သီချင်းကို ကျွန်တော် နားထောင်တယ်။ ညညဆို ကျွန်တော် သူ့စိတ်နဲ့ ရူးရပြီ။ သူ့အရိပ်တွေ ရောက်ရောက်လာတတ်လို့ ကျွန်တော် တစ်ခုခုလုပ်ရတယ်။ အိပ်မပျော်ဘဲ မျက်စိကြီးဇွတ်မှိတ်နေရတာမျိုး။ စောင်ခေါင်းမြှီးခြုံပစ်ရတာမျိုး။ ဒီထက်ဆိုးလာရင် ရေချိုးခန်းထဲက ရေပန်းအောက် သွားထိုင်နေရတယ်။
သူ့အပေါ် ဒီလောက်စွဲခဲ့ရလား မေးကြတယ်ဆို ကျွန်တော် ရူးနေတယ် ကျွန်တော်ထင်ရတဲ့အထိပေါ့။
သူပြန်လာဖို့ မျှော်လင့်နေတယ်လို့တော့ အားလုံးကထင်ကြမှာပေါ့။ မျှော်လင့်တယ် လို့ ပြောရင် တကယ်ရူးနေပြီတကယ်ထင်ကြမှာပဲ။ မမျှော်လင့်တော့ပါဘူးဆိုရင်တော့ ကျွန်တော့်ကို သနားကြမယ်မလား။"ကိုကို" လို့ ခေါ်တဲ့ ကလေးရဲ့အသံတွေက ညသန်းခေါင်းဆို မြူးတယ်။ ကလေးရေ။ ဒီသံသရာမှာ ဘယ်လမ်းကွေ့မှာမှ ရှာမတွေ့နိုင်တော့ဘူးထင်တယ်။ ဟိုးအရင်ကလို မြသန္တာမှာလာရှာလည်းတွေ့နိုင်မယ်မထင်ဘူး။ အင်ကြင်းဆောင်အပေါ်ကော်ရစ်တာထောင့်နား ကလေးရယ်မောသံတွေနဲ့ အပြုံးတွေကို မြင်ရမယ် မထင်ဘူး။ ကလေးလက်သေးသေးလေးတွေနဲ့ တီးတဲ့ ဂစ်တာသံတွေ နားထောင်ဖို့လည်း မထင်နိုင်တော့ဘူး။
တစ်ယောက်လက်ကိုတစ်ယောက် အခက်ခံဆုံးအချိန်တွေမှာ ကိုင်နိ်ုင်ခဲ့ကြတယ်ပြောခဲ့ပေမယ့် အခု ကျွန်တော့်အခက်ခဲဆုံးအချိန်တွေမှာတော့ ကလေးမရှိတော့ဘူး။ ကလေးရေ ပျော်မယ်ထင်တာ ရွေးခဲ့တယ်လို့မပြောရက်နိုင်ဘူး။
"တစ်ယောက်ကတစ်ယောက်အဆင်ပြေဖို့၊ တစ်ယောက်အဆင်ပြေတာတွေ့ရင် ပျော်ပေးရမယ်"
ကံကြမ္မာချိန်ခွင်က ကလေးဘက်ကော၊ ကျွန်တော့်ဘက်ကိုကော ပိုမသာပေးခဲ့သလို၊ အလယ်မှာလည်းရှိမနေပြန်ခဲ့ပါ။ ကလေးရေ ခုတော့ တစ်နေရာရာမှာ ရှင်သန်နေပါတယ်ဆိုတဲ့အသိနဲ့ ရှင်သန်သွားရဦးမှာပေါ့။ ကလေးပြောဖူးသလို သံသရာရေစက်လေးကျန်သေးရင မြသန္တာကသစ်ရွက်တွေကြား လာရှာချင်သေးပါတယ်။ ပြန်ဆုံခဲ့ရင် အင်ကြင်းဆောင်ပေါ်က ကော်ရစ်တာမှာ အတူတူ စကားတွေအများကြီးပြောချင်ပါသေးတယ်။
ကျွန်တော် နာကျင်ရလည်းဖြစ်ပါတယ်။ ကျွန်တော်ခံစားနေရလည်းဖြစ်ပါတယ်။ ကလေးလေး ပျော်ရွှင်တာသိဖို့တော့ ကျွန်တော်လိ်ုတယ်။
ကမ္ဘာကြီးရဲ့တစ်နေရာရာမှာ ကလေး အသက်ရှူနေတယ်ဆိုတာ ကျွန်တော်သိလာရင် ကျွန်တော် ပျော်နိုင်မယ်ထင်ပါတယ်။နေသစ်သွေး
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ