Uni
“ယင်း ဆန်ပြုတ်သောက်ရအောင် ထတော့”
လက်မောင်းကိုဆတ်ခနဲလှုပ်နှိုးလိုက်တော့ ငြိမ့်မျက်ဝန်းတွေပွင့်လာသည်။ အိပ်ယာထစမို့ ရီဝေဝေ မျက်ဝန်းတွေမှာ မျက်ရည်ကြည်အချို့လဲ့နေသည်။ ဘုရင်က မသိမသာပြုံးလိုက်ကာ ကောင်လေးကို ထူမ၍ ခေါင်းအုံးတွေဆင့်ပြီး ထိုင်လို့အဆင်ပြေအောင်လုပ်ပေးလိုက်သည်။ ငြိမ်ကတော့ ဗိုက်ဆာနေပေမဲ့ ဆန်ပြုတ်ဆိုတာကြောင့် မျက်နှာမသာမယာဖြစ်နေဆဲ။
“ထမင်းစားလို့မရဘူးလား။ ထမင်းပဲစားချင်တာ”
ငြိမ့်အသံပျော့ပျော့လေးက ဂျီကျနေသလိုလည်းရှိကာ နေမကောင်းဖြစ်နေကာမှ ထမင်းကိုတပ်မက်နေသည့် ကိုယ့်ကိုယ်ကိုလည်း စိတ်တိုမိ၏။ မဖြစ်နိုင်တဲ့အချိန်ရောက်မှ ဖြစ်ချင်တာမျိုးတွေဆို တအားမုန်း။
“မရဘူးလေ။ ထမင်းစားချင်တယ်ဆို စကတည်းကဆင်ခြင်ပေါ့။ နေမကောင်းမှတော့ ဆန်ပြုတ်ပဲ”
“အမယ် အဲ့တာကျွန်တော်မဆင်ခြင်လို့မှမဟုတ်တာ၊ ခင်ဗျားကြောင့်”
ငြိမ်က ဘုရင့်ကိုမျက်လုံးတစ်ချက်လှန်ကြည့်ရင်း မရဲတရဲပြောသည်။ မကြောက်တော့တာတော့ မ ဟုတ်ပေမဲ့ နေမကောင်းဖြစ်နေတာမို့ ဘာကိုစိတ်တိုနေမှန်းမသိသည့် ဒေါသအရှိန်တွေကြောင့် နှုတ်ရဲလျှာရဲ ရှိနေတာတော့အမှန်။
ဘုရင်က တစ်ချက်စဥ်းစားသလိုပြုရင်း ဆန်ပြုတ်တစ်ဇွန်းခပ်လိုက်ကာ အနေတော်ဖြစ်အောင် လေမှုတ်ပြီး ငြိမ့်ပါးစပ်နားတေ့ပေးသည်။ စက္ကန့်နည်းနည်းကြာတော့မှ
“ကိုယ့်ကြောင့် ဖျားတာပေါ့လေ။ ဟုတ်လား။ ဒါဆို အဲ့ဒီတောအုပ်က လေအေးတွေနဲ့ မင်းက မတည့်ဘူးပေါ့”
“ဘယ်ကလာ။ ခင်ဗျား ရုတ်တရက်တွေ ထလုပ်လို့ လန့်ဖျားဖျားတာ အဲ့ဒါ”
ဘုရင့်မျက်ခုံးတွေပင့်သွားကာ သဘောတကျရယ်လိုက်မိသည်။ လန့်ဖျားဆိုပါလား။
“အိုခေ ကိုယ့်အပြစ်ပဲထားပါတော့။ ကိုယ်မှားတာပါ။ အမှန်ဆို လူတွေအများကြီးရှေ့မှာတောင်းလိုက်ရမှာ။ ဒါမှ မင်း လန့်ဖျားဖျားတာမျိုးမဖြစ်မှာ”
“အဲ့လိုသာဆို လန့်ဖျားဖျားမနေဘူး။ တစ်ခါတည်းသေမှာ”
ဘုရင်က ရယ်ပြန်ပါသည်။ သွားတန်းဖြူဖြူတွေနဲ့ ကြည့်ကောင်းလွန်းနေသည့် မျက်နှာကြီးကိုကြည့်ရင်း ငြိမ်က ပွစိပွစိနှင့် မကျေမနပ်ရေရွတ်မိသည်။
“ဪ ဒါနဲ့ မင်းသူငယ်ချင်းကောင်မလေးတွေထင်တယ်။ ဖုန်းဆက်လာတယ်။ မင်းနိုးလာရင် ပြန်ခေါ် ပေးဖို့ ပြောပေးပါတဲ့”
ဘုရင်က ငြိမ်စိတ်ဝင်စားမဲ့အရာတွေကို လှည့်ပတ်ပြောရင်း လက်ကလည်း ဆန်ပြုတ်တစ်ဇွန်းပြီးတစ်ဇွန်းခွံ့နေသည်။ ငြိမ်က ဒါကိုသတိမထားမိသေးဘဲရှိကာ
“ဪ ဟိုလေးယောက်ထင်တယ်။ ခင်ဗျားတွေ့ဖူးမှာပါ။ ရန်ကုန်မှာတုန်းကလေ။ ကျွန်တော်နဲ့ တူတူထိုင်နေတဲ့ လေးယောက်”
ဘုရင်က ခေါင်းညိတ်ရုံသာပြုသည်။ ငြိမ်လည်း ဖုန်းကို ဆွဲယူလိုက်ကာ
“ဆန်ပြုတ်တော်ပြီ။ ကျွန်တော် သူတို့ကိုဖုန်းဆက်လိုက်ဦးမယ်”
“အိုခေ”
ဘုရင်က ပန်းကန်ကိုင်လျက်သား အခန်းပြင်ထွက်လာပြီးမှ ပြောင်နေသည့် ဆန်ပြုတ်ပန်းကန်ကို ပြန်ငုံ့ကြည့်ရင်း သဘောတကျရယ်လိုက်သည်။ တော်သေးလို့သာပါပဲ။ မဟုတ်ရင် ပန်းကန်ပါ ဝါးစားပစ်လေမလားမသိ။ ငြိမ်ကတော့ တင်းနေသည့်ဗိုက်ကို မကျေမနပ်အပြစ်တင်ကာ ဖုန်းခလုတ်အချို့ကိုနှိပ်လိုက်သည်။ ဟိုလူကြီး ဘယ်လောက်တောင် ကြိုးစားထားသလဲမသိ။ မျက်ခမ်းစပ်တာလေးတောင် မရှိတော့ဘဲ လူကငြီးစီစီဖြစ်နေသည်မှလွဲလို့ အပူရှိန် သိပ်မရှိတော့။
“Hel...”
(ငြိမ် နင်ရှင်းစမ်း နင်ရှင်းစမ်း။ နင်ဘယ်တုန်းက ဘဲရသွားတာလဲဟမ် ငါတို့ကိုမပြောဘူးပေါ့လေ။ ရတယ်နော် နင်။)
(နွယ် နင်ခဏဖယ်စမ်းပါ။ ဟဲ့ ငြိမ်။ အမလေး ငါ့သားလေး လင်ရရှာပြီပေါ့လေ။ နင်တို့ စတိုရီလေးကို မျှဝေပါဦးလားဟယ်။ ဘယ်နေ့လက်ထပ်မှာလဲ။ မဖိတ်လည်းလာမှာပဲနော်။ ဒါပဲ။ နင် ငါတို့ကိုမေ့ထားလို့ကတော့ နူးနဲ့ ပတ်သတ်ပြီး နင့်လူကြီးကို ချွန်ပစ်မှာ)
(နေပါဦး ငြိမ် နင်တကယ်ဘဲရသွားတာလားဟမ်။ နေဦး အဲ့တုန်းက နင်က အိပ်နေလို့ဆိုတော့ ဘာလဲ။ နင်တို့နှစ်ယောက်က တူတူနေကြတာလား)
(အား... အမလေး သေတော့မှာပဲ။ ငြိမ် နင် ညွှန်းပြောသလို တကယ်ကြီး ကြံစည်ခံလိုက်ရတာလား ဟင်။ ချောလား သူကချောလားဟေ။ အမလေးလေး သဘောကျလိုက်တာဟယ်)
ဖုန်းဖွင့်ပြီးလို့ ဟယ်လိုတောင်ဆုံးအောင်မပြောရသေးခင် အသံတွေက လုံးထွေးပြီးဝင်လာတာမို့ သူတောင်စွံ့အသွားသည်။ ဘာတွေမေးလို့ ဘာတွေပြောနေကြမှန်းလဲမသိ။ နဂိုတည်းက ငြီးစီစီဖြစ်နေတဲ့ခေါင်းတောင် တဆစ်ဆစ်ကိုက်ချင်လာသည်။
“တော် တန် တိတ်။ နင်တို့ဘာတွေပြောနေတာလဲ။ ဟိုလူကြီးနဲ့ ငါ့ကိစ္စကိုရော ဘယ်လိုသိတာလဲ”
မချောတွေက တအံ့တဩအသံတွေကို တရစပ်ထုတ်လွှတ်ကာ
(တကယ်ကြီးလားငြိမ်ရယ်၊ ငါတောင်သိပ်မယုံချင်ဘူး။ သူကပြောတော့လေ ငါတို့ နားကြားများမှားနေလားလို့)
(တွေ့လား ခင်မြ ငါပြောပါတယ်၊ ဟုတ်ပါတယ်ဆိုနေမှ နင်တို့က မဟုတ်လောက်ဘူးလုပ်နေကြတာ)
“နေ နေကြပါဦးဟာ သူကဘာပြောလို့လဲ”
(ငါတို့ဖုန်းဆက်တော့ သူကလာကိုင်တယ်ဟာ အသံအနေအထားကတော့ မြွေဖားပဲအဟိ။)
(ဘာတုန်း အဟိဆိုတာက)
အချင်းချင်း တို့ဆိတ်နေသံတွေလည်းကြားရကာ
(အဲ့တော့ ငါတို့က မေးတာပေါ့ဟာ။ ငြိမ်လည်းမဟုတ်ဘူး။ ဘယ်သူလဲလို့)
(အဲ့တာ သူကပြောတာ၊ ငြိမ်ကအိပ်နေတာတဲ့။)
(အယ် နေဦး နွယ် အဲ့လိုခေါ်တာမဟုတ်ဘူး။ ယင်း... ယင်းလို့ခေါ်တာ အား သေပါပြီ)
(အေးပါဟယ် နေစမ်းပါဦး လဒမရဲ့။ အဲ့လိုနဲ့ ငြိမ်ရာ၊ သူကထပ်ပြောတာ၊ အခုပြောနေတာက နင့်သတို့သားလောင်းတဲ့ အရေးကြီးတဲ့ကိစ္စဆို ပြောထားလို့ရတယ်။ ပြန်ပြောပေးမယ်တဲ့)
“ငှယ်”
ငြိမ် ပြောစရာမရှိတော့သလို စွံ့အသွားသည်။ သူ့သတို့သားလောင်းဆိုတာ သူမတို့ရဲ့ မာဖီးယားကြီး မှန်းသာသိရင် သူ့ခေါင်းကို ဆယ့်ရှစ်စိတ်ကွဲအောင်များ လာထုကြလေမလားမသိ။ မတတ်နိုင်။ သူလည်း ဖြစ်ချင်လို့ ဖြစ်ခဲ့တာမှ မဟုတ်ဘဲ။
“နင်တို့သိချင်တာတွေ ငါအစအဆုံး အကုန်ရှင်းပြပါ့မယ်ဟာ။ ခုတော့ ငါဖျားနေတာ”
(ဟယ် အိုက်ယားအိုက်ယား နင်ဘာလို့ဖျားလဲ ငါသိတယ်။ ငါသိတယ် အဟိအဟိ အဟစ်အဟစ်)
မြရဲ့အသံအနေအထားအရ တစ်ဖက်မှာဂျွမ်းများထိုးနေသလားမသိတာမို့ ငြိမ် မျက်မှောင်ကုပ်သွားသည်။
“ဟဲ့ ဘာရယ်သံလဲ အဲ့တာ။ နင်ကဘာသိတာလဲ ပြောပါဦး”
(ငြိမ်နော် ဒါပြောလို့ကောင်းတာမဟုတ်ဘူး။ ဒါပေမဲ့ နင်ဖျားတာ ကြမ်းသွားလို့မဟုတ်လား)
“ဟမ်”
ငြိမ် နားမလည်ဖြစ်သွားသည်။ မြက တောက်လျောက်ပြောနေသလောက် ကျန်သုံးယောက်က ဒါကို တော်တော်လေးသိချင်နေကြလို့ နားစွင့်နေကြသလိုမျိုး အသံတွေတိတ်နေသည်။
“ဘာကြမ်းတာလဲ ဘာလဲ”
(လေလေ ခိခိ၊ လေကြမ်းတိုက်ခံရလို့မလားလို့ ဟားဟား)
ရယ်သံတွေ ငြိမ့်နားထဲမှာ ပလုံစီသွားကာ
“ရှူး ခေါင်းကိုက်တယ်။ နင်တို့အသံဆိုးကြီးတွေကြားရတာ”
(အမယ်အမယ် သူကလင်အားကိုးရှိတာနဲ့ ကြည့်စမ်း။ ငါတို့တွေကို အာခံပြီပေါ့လေ)
“တလင်လင်နဲ့မပြောစမ်းပါနဲ့ မိမြရယ်။ ငါတို့မရသေးပါဘူးဟ”
(မသိဘူး၊ ပြောရမှာပဲ။ ပြောလို့ကောင်းတယ်ဟ ဟားဟား)
“နေပါဦး ငါပြောပြမယ်။ ငါဖျားတာကလေ”
(အေး)
“အဲ့တာ လန့်ဖျား”
(ဟေ ဘာရီး? နင်သရဲခြောက်ခံလိုက်ရလို့လား)
ငြိမ်က ခေါင်းခါလိုက်သည်။
“အဲ့ထက်ဆိုးတာ”
လက်ထပ်ခွင့်တောင်းသည့် ဖြစ်စဥ်တစ်ဝက်လောက်ကို ပြောပြလိုက်တော့ မချောလေးယောက်က အကြီးအကျယ်စိတ်ဝင်စား သဘောကျသွားကာ ငြိမ့်အိမ်ကိုလိုက်လာပါမည်လုပ်နေ၍ မနည်းတားထားရသည်။ ဒီထဲမှာ မြကအဆိုးဆုံး။ ‘ငြိမ် နင့် ကောင်လေးက ချောလား၊ အရပ်ရှည်လား၊ ဘာညာ’နဲ့ တပီပီလုပ်နေတာ မကြားချင်မှအဆုံး။ သူ စကားစကို မနည်းဖြတ်လိုက်ကာ ဖုန်းချပြီးတော့မှ ဘုရင်က ရေတစ်ခွက်နဲ့ အတူ အခန်းထဲဝင်လာသည်။
“ဖုန်းပြောတာ ကြာတယ်နော်။ ကိုယ်စောင့်နေတာ ၄၅မိနစ်တောင်ရှိတယ်။ အမှန်ဆို အစာနဲ့ဆေးက အရမ်းဝေးလို့မရတဲ့ဟာကို”
“ခင်ဗျားပြောထားတဲ့ဟာကို ရှင်းရလင်းရတာကြီးကို။ ကြာမှာပေါ့”
“ဟမ် ကိုယ်က ဘာပြောထားလို့လဲ”
ဘုရင့်မျက်နှာက ပြုံးနေလျက်ရှိကာ ငြိမ်က ထိုမျက်နှာကိုပဲ အမြင်ကပ်စွာ ကြည့်မိ၏။ ရုပ်တည်နဲ့နေရင်လည်း ကြောက်စရာကောင်းသလောက် ပြုံးနေရင်လည်း ဘယ်လိုမှ ကြည့်လို့ကိုမရ။ ဒါကြီးကို သူဘယ်လိုများ လက်ထပ်ရမှာလဲ။ သူက Straight ဆိုတာကိုအသာထား၊ ချစ်လည်းမချစ်ဘဲနဲ့လက်ထပ်စရာလား။ ဒါပေမဲ့ လက်မထပ် ချင်လို့လည်း မရဘူးဆိုတာကို သူသိသည်။ ခေါင်းနဲ့ကိုယ်နဲ့ အိုးစားမကွဲချင်တာမို့ အလိုက်သင့်လေးနေပေးရပေမဲ့ ဇာတ်လိုက်လိုလူမျိုးက အနီးကပ်ပြုစုပေးနေတာခံရတော့ သူ့ဦးနှောက်တွေ ရူးသွားပြီလားတောင် ထင်လိုက်ရသည်။ ဇာတ်လိုက်မကို မသတ်ခင်ကလည်း ဒီလိုပဲ အနီးကပ်ပြုစုပေးခဲ့တာပဲမလား။ ငါတဖြည်းဖြည်းနဲ့ သေနေ့စေ့လာတာတော့ မဟုတ်လောက်ဘူး ထင်တာပါပဲ။ ဘဝကူးကောင်းအောင် ဘုရားတရားလေးဘာလေး လုပ်မှထင်သည်။
“ငြိမ်ရေ နင် နေမကောင်းဘူးဆို။ အယ်... အစ်ကိုခစားပါရှိနေတာလား မသိလိုက်ဘူး။ ဆောရီးနော်။ အဆင်းက ဒီလိုပဲဝင်နေကျမို့ တံခါးမခေါက်လိုက်မိတာပါ”
ရုတ်တရက် အခန်းတံခါးကို ဖွင့်လိုက်ကာ ကျက်ထားသည့်စာသားများကို အလွတ်ရွတ်ပြနေသကဲ့သို့ ပေါက်ပေါက်ဖောက်နေသော ဇာတ်လိုက်မအား သူကြည့်လိုက်မိသည်။ အပြာဖျော့ရောင် ဒူးဖုံးဂါဝန်လေးနှင့် ခေါင်းမှာကျတော့ အပြာရောင်ယုန်နားရွက်လေးတပ်ထားသည်။ ရှူးဖိနပ်သေးသေးကလေးနှင့် ထိုကောင်မလေးသည် အဆိပ်သာမရှိဘူးဆိုရင် ချစ်ဖို့အကောင်းဆုံးချစ်သူများ ဖြစ်လာလေမလား။ အခုတော့ မာယာတွေတစွန်းတစရှိနေသည့် မျက်ဝန်းလေးတို့က သူမ တမင်ပြင်ဆင်လာသည့် အဝတ်အစားတွေကိုပဲ ဇာတ်လိုက်မြင်သွားလို့ ရှက်သလိုလို ဘာလိုလိုမို့ ငြိမ် နှာခေါင်းရှုံ့လိုက်မိသည်။
သိသားပဲ။ ဒီအိမ်မှာ ဇာတ်လိုက်ရှိနေတယ်ဆိုလို့ အပြေးအလွှားအဝတ်စားလဲပြီးလာတွေ့တာနေမှာ။ ဇာတ်လိုက်မက အိမ်နေရင်း ဒီလောက်ချစ်ဖို့ကောင်းအောင် ဘယ်တော့မှ ဝတ်ဖူးတာမဟုတ်ဘူးဆိုတာကို မူလလူ၏ ခံစားချက်ထဲမှာ ရှာတွေ့လိုက်သည်။ ဇာတ်လိုက်ဘက်ကို အကဲခတ်ကြည့်တော့ အလိုမကျသည့် မျက်ဝန်းတွေနှင့် တိုး သည်။ နေပါဦး ဘာဖြစ်လို့ ငါ့ကိုအဲ့လိုကြီးကြည့်နေရတာလဲ။ ငါဘာမှ မမှားဘူးလေ။ ဒီတိုင်းလေးအိပ်နေတာကြီးကို။
“ရပါတယ် အဆင်းရ။ မေမေကတော့ အခန်းမှာအိပ်နေမယ်ထင်တယ်။ သူလည်း ခုရက်ပိုင်းစိတ်ပင်ပန်းနေမှာပဲလေ။”
“အေးဟ။ငါနင့်ဖို့တောင် ဘာမှမဝယ်ခဲ့ရဘူး။ မှန်း ကိုယ်ပူသေးလား”
ဇာတ်လိုက်မက သူ့နှဖူးကိုသူမ လက်သေးသေးလေးတွေနှင့် လှမ်းစမ်းတော့ ဇာတ်လိုက်က သူ့ဆီသို့ နေအစင်းတစ်ရာလို စူးရဲသောမျက်ဝန်းတွေနဲ့စိုက်ကြည့်နေတာမို့ အမြန်တံတွေးမြိုချလိုက်ရသည်။ ဇာတ်လိုက် ဘာဖြစ်နေတယ်ဆိုတာ သူလည်းလိုက်မမီတော့။ သူ့ကိုလက်ထပ်ခွင့်တောင်းပြီးမှ ဇာတ်လိုက်မရဲ့ အခုပုံစံလေးကို မြင်မြင်ချင်း ချစ်မိသွားတာများလား။ အမလေး... နှလုံးသားရဲ့ ခိုင်မာပုံများ။
“အစ်ကိုခစားက ငြိမ် နေမကောင်းမချင်း ဒီမှာနေပေးမှာဆို။ ပင်ပန်းမှာပေါ့”
ဇာတ်လိုက်မကတော့ ထုံးစံအတိုင်း သူ့ကိုဝတ်ကျေတန်းကျေလူနာမေးပြီးသည်နှင့် ဇာတ်လိုက်ဘက် တန်းလှည့်သွားသည်။
“မပင်ပန်းပါဘူး။ ရပါတယ်။ ကိုယ့်လူကိုယ်ပြုစုတာပဲဟာ ပင်ပန်းတယ်လို့တွေးစရာလား”
ကိုယ့်လူဆိုတဲ့နေရာမှာ တမင်နှေးပြောလိုက်တာမို့ အဆင်းမျက်နှာက ခဏတော့တွေဝေသွားပေမဲ့ ဒီအတိုင်း ဘာမှမဟုတ်ဘူးလို့ပဲ တွေးလိုက်ကာ
“ဟုတ်ပါတယ် အစ်ကိုခစားရဲ့။ ဟို အချိန်ရရင် အဆင်းအိမ်လည်းလာလည်ဦးပေါ့။ အဆင်းမေမေကတောင်ပြောနေတာ။ အစ်ကိုခစားက စိတ်ထားကောင်းလိုက်တာတဲ့။ ဪ ခုအစ်ကိုခစား ထမင်းစားပြီးပြီလား”
ငြိမ် ဇာတ်လိုက်တို့ပြောနေတာတွေကို နားထောင်ရင်းသား မျက်မှောင်ကျုံ့မိသွားသည်။ ၁၂နာရီ တောင်ခွဲပြီးပြီ။ သူ့ကိုတော့ ဆန်ပြုတ်လာခွံ့ပြီး ဇာတ်လိုက်ရော ထမင်းမှစားပြီးရဲ့လား။
“စားပြီးပါပြီ။ အဆင်းရော”
“အဆင်းလည်းပြီးပြီ အဟီး။ အစ်ကိုခစား နောက်ဆို ဒီမှာမစားချင်လည်း အဆင်းတို့အိမ်ဆီလိုက်စား လို့ရတယ်နော်”
ဘုရင်က အဆင်းစကားကြောင့် မျက်ခုံးတစ်ချက်ပင့်မိသွားကာ နည်းနည်းလောက်တုံ့ဆိုင်းနေပြီးမှ
“အိုခေလေ”
“အင်းအင်း။ ဟို ဒါဆို ငြိမ်နေ့လည်နေ့ခင်းအိပ်ချင်မလားမသိဘူး။ သူ့ကိုနားပါစေ။ အစ်ကိုခစားလည်း ပျင်းနေမှာပေါ့။ အဆင်းနဲ့အပြင်သွားမလားဟင်”
“နေပါစေ။ ကိုယ်လည်း ပင်ပန်းနေလို့အိပ်ချင်နေတာမို့လေ”
“ဪ”
သွက်လက်နေသည့် အဆင်းအမူအရာကတုံ့ခနဲဖြစ်သွားကာ အတန်ကြာမှ တစ်ချက်ပြုံး၍
“အိုခေ အိုခေ။ အစ်ကိုလည်း ပင်ပန်းနေမှာပေါ့။ ဒါဆို အဆင်းညနေမှလာခဲ့မယ်နော်။ သွားပြီ အစ်ကို ခစား။ သွားပြီနော် ငြိမ်။ နေကောင်းအောင်နေ”
ဇာတ်လိုက်မ အခန်းထဲက ထွက်သွားတာနဲ့ ငြိမ့်အခန်းလေးက တိတ်ကျသွားသည်။ ငြိမ်က မယုံမရဲမျက်နှာနှင့် ဇာတ်လိုက်ကိုတစ်ချက်ကြည့်ကာ
“ထမင်းမစားရသေးဘူးမလား။ ဘာလို့ညာပြောလိုက်တာလဲ”
“အမ်... ဒီလိုပဲ။ မဆာသေးလို့ပါ”
“ဟုတ်လို့လား”
“အင်းဆို”
“ခင်ဗျားအိပ်တော့မယ်လည်း ပြောသေးတယ်။ ပင်ပန်းတယ်ဆိုလည်း ဘာလို့လာပြုစုနေတာလဲ။ ကိုယ့်အိမ်ကိုယ်ပြန်နေပေါ့”
ငြိမ်ကသာ မျက်မှောင်ကျုံ့ပြောနေပေမဲ့ ဘုရင်က ငြိမ်အိပ်နေသည့် ခုတင်ပေါ်သို့ ပိုင်စိုးပိုင်နင်းတက်လိုက်ကာ ငြိမ့်ကိုယ်လုံးကို ဖက်လုံးလိုသိမ်းကျုံးဖက်၍ မျက်စိကိုအေးအေးလူလူမှိတ်ပြီး
“ကိုယ့်မှာ မင်းအနားကပ်နေရတာကလွဲပြီး လုပ်စရာမှမရှိတာ”တဲ့။
ကျေးဇူးတင်ချင်စိတ်ပိစိလေးတောင် ဗြုန်းခနဲပျောက်သွားအောင် ပြောတတ်ပါပေသည်။ ဒါဆို အလုပ်မရှိလို့ သူ့ကိုလာပြုစုတယ်ပေါ့လေ။ ကိုယ်လုံးချင်းကပ်နေလို့ အဖျားကူးမယ့်အကြောင်းပြကာ ရုန်းထွက်ဖို့ပြင်ပေမဲ့
“ရပါတယ် အဖျားကူးလည်း ကူးပစေပေါ့။ လင်မယားချင်းပဲ။ ဘာဖြစ်လဲ”တဲ့။
ငြိမ် ဒေါသတကြီးနဲ့ သူ့လက်မောင်းကြီးကို အားရပါးရကိုက်ပစ်မိပါသည်။ ပါးတစ်ဖက်အနမ်းခံလိုက်ရသည်။ တော်ပါပြီ။ နောက်နောင် သူ့အသားကိုဘယ်တော့မှ မကိုက်။
![](https://img.wattpad.com/cover/268398134-288-k633082.jpg)
YOU ARE READING
Love Zone (Completed)
RomanceUni ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Zawgyi ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Cove...