EP(18)

7.5K 745 46
                                    

Uni

“ဟမ်? ဘာကြီး?”

ငြိမ်သက်တိတ်ဆိတ်ကာ ပုစဥ်းရင်ကွဲသံတို့သာ တစ်ခါတရံထွက်ပေါ်လာတတ်သော၊ ဇီးကွက်သံတို့ ကို ရံဖန်ရံခါသာကြားရသော တောအုပ်လေးထဲ၌ ငြိမ်၏ အာမေဋိတ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ ဘုရင်က ထပ်မပြောပါ။ ငြိမ်ကလည်း ထပ်ကြားချင်လို့မေးတာမှမဟုတ်ဘဲ။ ထပ်ဖြေစရာမလိုဘူးမဟုတ်လား။

“မဟုတ်သေးပါဘူး”

ငြိမ်ခေါင်းကိုတွင်တွင်ခါသည်။ လန့်ဖျတ်သွားသဖြင့် ကြောင်တောင်တောင်ဖြစ်သွားသော ဦးနှောက်နှင့်သူ မေးမြန်းစုံစမ်းခန်းအရင်ဝင်နေရသေးသည်။ သူနဲ့ဇာတ်လိုက်နဲ့ ဒီကိုလမ်းလျှောက်လာခဲ့သည်။ မိုးတွင်းမဟုတ်ပေမဲ့ မြေပျော့ပျော့စိုစိုလေးဖြစ်နေသလို မြေရနံ့လေးတောင် သင်းနေတာမို့ တသုန်သုန်တိုက်နေသည့် လေဂယက်‌ တွေကြား သူပျော်ပျော်ကြီးပြုံးခဲ့မိသေးသည်။ ပြီးနောက် ဇာတ်လိုက်က သူ့ကိုမျက်လုံးခဏ မှိတ်ခိုင်းသည်။ ပြီး... သူ့ လက်ကိုဆွဲခေါ်သွားသည်။ သူ့မျက်လုံးတွေ ပြန်ပွင့်လာတော့ ကုန်းလေးတစ်ခုကိုသူမြင်ရသည်။ သစ်ပင်တွေက ဘေးနားမှာ ဝိုင်းနေသည်။ သူ့ခြေထောက်က ရေအစပ်လေးနဲ့ထိခတ်နေတာမို့ ရေကြည်အေးတွေ၏ မထိတထိရန်စလာခြင်းကို ရင်ခုန်စွာခံစားနေရသည်။

ဟုတ်သည်။ ကုန်းလေး၏ ခြေရင်းနားမှာ စမ်းချောင်းကြည်ကြည်သေးသေးလေးတစ်ခု ပတ်စီးနေကာ စမ်းချောင်းပေါ်မှာ အုပ်မိုးနေသည့်သစ်ပင်ရိပ်တွေမရှိတော့ ကောင်းကင်ကကြယ်ရိပ်တွေက စမ်းချောင်းလေးထဲအထိ တကူးတကဆင်းလာကြသည်။ တောင်ကုန်းလေး‌ပေါ်မှာ ဟောင်းနွမ်းနေသည့် သစ်သားပြားတွေနှင့် ဆောက်လုပ်ထားသော အိမ်သေးသေးကလေးရှိသည်။ ရေညှိတောင်တက်နေပြီဖြစ်သော သစ်သားတို့က မြက်ခင်းစိမ်း၊ သစ်ပင်စိမ်းစိမ်းနှင့် စိမ်းလဲ့ကြည်မြနေသော စမ်းချောင်ကလေးတို့ကြား ပနံသင့်နေသည်။ သူ အသက်ရှူရပ်သွား သလိုတောင် ခံစားလိုက်ရသည်။

ဇာတ်လိုက်က ဒီနေရာလေးကို သဘောကျလားလို့မေးတော့ သူက အရမ်းကြိုက်တယ်လို့ ဖြေခဲ့သည်။ အိမ်ကလေးထဲလည်း ဝင်ခဲ့ကြသေးသည်။ ကြောက်စိတ်ဆိုတာပျောက်လို့ သူ့မှာ ပျော်ရွှင်မြူးတူးစွာ ကြည်နူးနေသည့် စိတ်ကလေးပဲရှိခဲ့သည်။ အိမ်ကလေးဆီက အထွက်မှာ ဇာတ်လိုက်က သူ့ကိုမျက်စိထပ်မှိတ်ခိုင်းသည်မို့ သူလည်း ဇာတ်လိုက်အလိုကျ မျက်စိမှိတ်ပေးလိုက်သည်။ သူ့မျက်လုံးတွေ ပြန်ပွင့်လာချိန်မှာတော့ ဇာတ်လိုက်က ဖန်လုံးလေးတစ်ခုကိုကိုင်ထားပြီး သူ့ဆီကမ်းပေးလာသည်။ သူကြည့်လိုက်တော့ ဖန်လုံးလေးထဲမှာ ဒီနေရာလေးရဲ့ပုံစံတူလေးတစ်ခု။ သစ်သားအိမ်ကလေးရယ်။ တောင်ကုန်းကလေးရယ်။ စမ်းချောင်းကလေးရယ်။ နောက်ပြီး... နောက်ပြီး ကောင်လေးနှစ်ယောက်...။ အရပ်ရှည်ရှည်ကောင်လေးရဲ့မျက်နှာက ဇာတ်လိုက်ရဲ့မျက်နှာနဲ့အတော်ကလေးဆင်ကာ မိုးကာ တစ်ခုကို သူ့ဘေးက အရပ်ပုပုကောင်လေးဆီကာပေးရင်း ပြုံးနေသည်။ အရပ်ပုပုကောင်ကလေးကတော့ မိုးစိုမှာ ကြောက်သည့်ပုံမျိုးနဲ့ အရပ်ရှည်ရှည်ကောင်လေးရဲ့ ခန္ဓာကိုယ်ဆီသို့ ပူးကပ်နေဟန်။

Love Zone (Completed)Where stories live. Discover now