Uni
အခန်းငယ်လေးရဲ့ သန့်စင်ခန်းလေးထဲမှာ မှန်ကိုကြည့်ရင်း ငေးငိုင်နေသော ကောင်လေးတစ်ယောက် ရှိသည်။ သူက သူ့မျက်နှာသူ ဖွဖွကလေးထိကြည့်ကာ မျက်လုံးတွေမှာ မရေရာမှုတွေ ဖြတ်ပြေးလျှက်ရှိသည်။
ဆံပင်တွေက ဆီမထည့်ထားတာကြာလို့ထင်သည်။ အနက်ရောင်မှတဆင့် အညိုခြောက်ရောင်သို့ ပြောင်းလုဆဲဆဲဖြစ်နေသည်။ ထူထူထဲထဲဆံနွယ်တွေထဲကမှ ဆံနွယ်တစ်ချို့က နှဖူးပြင်တစ်ခုလုံးကို လာအုပ်သည်။ မျက်ခုံးမွှေးတွေကလည်း သန်လွန်းလို့ အပြားလိုက်လေးတောင် မြင်နေရသည်အထိဖြစ်သည်။ မျက်လုံးကြည်ကြည်မှာ မျက်ဆံက မည်းနက်နေကာ တောက်ပလွန်းနေသည်။ မျက်လုံးကမှေးသည်လည်းမဟုတ်၊ ပြူးသည်လည်းမဆိုသာ ခပ်သင့်သင့်အနေအထားမှာရှိသည်။ ခပ်စိပ်စိပ်၊ ခပ်တိုတို မျက်တောင်မွှေးများကြောင့်လည်း မျက်လုံးရပ်ဝန်းသည် အနက်ရောင်လွှမ်းလျှက်ရှိသည်။ နှာတံစင်းစင်းနှင့် နှုတ်ခမ်းသေးသေးကို ပိုင်ဆိုင်ထားကာ မေးရိုးကချွန်သည် ပြောရမည်။ ပါးမဖောင်းဘဲသွယ်ကျနေတာမို့ မျက်နှာက မိန်းကလေးဆန်သည့်ဘက် မရောက်လိုက်ဘဲ ယောက်ျားလေးတစ်ယောက်အဖြစ် ချောတာမျိုးဘက်ကို ပိုရောက်သည်။ နှုတ်ခမ်းအစုံက အမြဲခြောက်သွေ့နေတတ်တာကို မနေ့ညကတည်းက သူ သတိထားမိသည်။ ရေထသောက်တာတောင် ခဏကြာတော့ ပြန်ခြောက်သွားပြန်တာမို့ ဒီတိုင်း ထားလိုက်ရသည်အထိဖြစ်သည်။ ခု ကိုင်ကြည့်မိပြန်တော့လည်း နှုတ်ခမ်းမှာ ပန်းနုရောင်က ပါးပါးကလေးပြေးနေကာ မျက်ဝန်းအောက်က အနက်ရောင်ချောက်ကြီးနဲ့စာရင် ကြည့်ကောင်းသည်ဆိုရမည်။
အသားအရေကျတော့လည်း ဖြူပေမဲ့ စိုပြေတော့မနေ။ ဖြူဖတ်ဖြူရော်လို့ ပြောရင် ပိုမှန်မည်ထင်သည် ပိန်ခြောက်နေလိုက်တာလည်း ရောဂါသည်လို့တောင် အထင်ခံရလောက်သည်။
သူ... မှန်မှတဆင့် ကိုယ့်မျက်ဝန်းတွေကိုယ် စိုက်ကြည့်လိုက်သည်။ ဟင့်အင်း... ရင်းနှီးမှုကို မခံစားရ။ သူက တကယ်ဒီရုပ်လားဆိုတာတောင် ပြန်မေးရမဲ့အထိ စိမ်းသက်နေခဲ့သည်။ ဒီမျက်နှာ၊ ဒီကိုယ်လုံး... ဒီအိမ်နဲ့တကွ လူတွေကိုလည်း သူ မရင်းနှီး။ တစ်ခုခုတော့မှားနေပြီပေမဲ့ ဘယ်နေရာက မှားနေမှန်းလည်းမသိ။ အမှားတွေကိုရှာတွေ့ ပြီပဲထားပါဦး ဘယ်အရာကအမှန်တရားလဲ ဆိုတာရော? သူဘယ်လိုရှာဖွေရမှာလဲ။ တွေးလေ... ခေါင်းထဲက ထိုးကိုက်လာလေဖြစ်ကာ အာရုံကြောတွေက သတိလွတ်ချင်ချင်ပင်ဖြစ်လာသည်။ ရုတ်တရက် ခေါင်းထဲမှာ ရုပ်ပုံတွေ ပြေးလွှားနေတာ မြင်လိုက်ရသည်။
YOU ARE READING
Love Zone (Completed)
RomanceUni ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Zawgyi ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Cove...