EP(21)

7.2K 708 14
                                    

Uni

“ပိုင်စိုးရ...”

ဟမ်...

သူ ထိုင်နေရာမှထကာ အသံကြားရာဆီလှမ်းကြည့်လိုက်သည်။ သူက အခု စင်မြင့်ကြီးတစ်ခုပေါ် ရောက်နေတာဖြစ်ကာ နေရာတစ်ခုလုံးမှာ ငွေရောင်တွေလက်လျက်ရှိသည်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့ ငွေရောင်ဝတ်ရုံတစ်ခုကို ခြုံကာ လက်တွေမှာလည်း ပတ္တမြားတွေသီးနေသည့် လက်စွပ်တွေအများကြီး။ ခေါင်းပေါ်မှာ ရွှေနဲ့လုပ်ထားတဲ့သရဖူတစ်ခုရှိကာ သူ့ပုံစံက ဘုရင်တစ်ပါးရဲ့အသွင်မျိုးဖြစ်နေသည်။ သူ့ထိုင်ခုံမှ မျက်စောင်းထိုးနေရာမှာတော့ ကျောက်သားနဲ့လုပ်ထားတဲ့ ခုတင်တစ်လုံးရှိကာ ထိုအပေါ်မှာ တစ်စုံတစ်ယောက်အိပ်နေတာကို လှမ်းမြင်နေရသည်။

“ဟိတ် ဒီကခေါ်တာလေ”

ကျောက်ခုတင်ဆီမှ အကြည့်ခွာကာ လျှောက်လမ်းဆီပြန်ကြည့်မိသည်။ ငွေရောင်လက်နေသော နန်းတော်ကြီးထဲက လျှောက်လမ်းပေါ်မှာ ကောင်မလေးတစ်ယောက်တည်း ဖြည်းဖြည်းချင်းလျှောက်လာသည်။ ထိုကောင်မလေးက ကျစ်ဆံမြီးတစ်ချောင်းတည်းကျစ်ထားကာ ထိုကျစ်ဆံမြီးက ခါးအောက်ပိုင်းထိ ရှည်လျားသည်။ ရှေ့ဆံပင်တွေက ဆံမြိတ်ချရအောင်လည်းမတို၊ အပြောင်သိမ်းရအောင်လည်းမရှည်ဘဲ ဒီတိုင်းကျနေကာ ဆီတစ်ခုခုမလိမ်းထားတာကြောင့် ဖွာကျနေသည်။ မျက်နှာမှာ သနပ်ခါးကို ကလေးလိုလျှောက်လိမ်းထားကာ ပါးကွက်နှစ်ခုအပါအဝင် နှဖူးမှာပါ အဝိုင်းပုံဆွဲထားသေးသည်။ ဒါတောင် နှာတံဆွဲထားသည့် သနပ်ခါးရာကြီးကို ထည့်မတွက်ရသေး။

ဝတ်ထားတာကြည့်လိုက်တော့လည်း အပြာရောင်ယောကျ်ားလေးရှပ်ကို ခပ်ပွပွဝတ်ထားကာ ဘောင်းဘီကတော့ JJကိုမှ အစိမ်းရောင်ဖြစ်သည်။ အပြာရောင်နဲ့အစိမ်းရောင်တွဲဝတ်ထားတာမို့ မလိုက်ဖက်တာကိုတွေးမိကာ သူ မျက်မှောင်ကျုံ့မိသည်။ အရွယ်ကတော့ သူနဲ့ရွယ်တူလောက်ပဲရှိပေမဲ့ မျက်နှာက ကလေးရုပ်ဖြစ်နေကာ အရပ်ကလည်း လူစင်မီရုံလောက်ပဲရှိသည်။ ဒါပေမဲ့ စိတ်ထဲမှာ ရင်းနှီးသည့်အငွေ့အသက်လေးရနေသည်မို့ ပြုံးပြလိုက်သည်။

“နင်က ဘယ်သူလဲ။ ငါ့နာမည်ကိုသိနေတာပဲ”
ထိုကောင်မလေးက ပါးတစ်ဖက်က ပါးခွက်လေးပေါ်အောင်ပြုံးကာ

“သိတာပေါ့။ အမ်... ငါ့ပုံစံအတွက်တော့ ဆောရီး။ စာရေးရင်းထလာရလို့ ဒီဇိုင်းက ဒီလိုဖြစ်သွားတာ”

“စာရေးရင်း?”

သူပြန်မေးလိုက်တော့ ကောင်မလေးမျက်နှာမှာ နက်နဲသည့်အပြုံးတစ်ချို့ဖြတ်ပြေးသွားသည်။

“အင်းလေ။ ထားပါတော့။ နင်... ဒီကနေမလွတ်ချင်ဘူးလား”

“ဘာ?”

“နင့်နေရာမဟုတ်တဲ့ ဒီနေရာကနေ နင့်နေရာကိုမပြန်ချင်ဘူးလားလို့မေးတာ။ ဘယ်လိုလဲ။ နင့်ပုံက လိုလိုလားလားလည်းမရှိပါလား”

သူ အနည်းငယ်ငိုင်သွားသည်။

“မဟုတ်ပါဘူး။ ငါက... ငါက ဟိုကိုပြန်လည်းဝိဥာဥ်အဖြစ်ပဲရှိနေမှာလေ။ ငါပြန်ချင်ပေမဲ့လည်း မဖြစ်နိုင်ဘူးဟ”

“ဘယ်သူပြောလဲ နင်က ဝိဥာဥ်အဖြစ်ပဲရှိနေမယ်လို့”

“ဘာရယ်”

သူ မျက်လုံးပြူးသွားမိသည်။ ကောင်မလေးက ချစ်စရာကောင်းအောင် သွားလေးဖြီးကာ

“တကယ်ပြောတာဟ။ နင်မသေသေးပါဘူး။ အမ်... တကယ်တော့ ငါအဲ့တာပြောဖို့လာတာမဟုတ်ဘူး ဒီဟာကို ပေးဖို့လာတာ။”

သူ့ဆီသို့ စာလိပ်တစ်ခုကမ်းပေးလာတာမို့ သူ လှမ်းယူကာ ဖွင့်ကြည့်လိုက်သည်။ အထဲမှာ စာကြောင်းတိုလေး လေးကြောင်းကလွဲပြီး ဘာမှမရှိ။

“အဆုံးအစ ထပ်ခဲ့တဲ့နေရာ
  အဆုံးအစ ထပ်ခဲ့တဲ့အချိန်
  အဆုံးအစ ထပ်ခဲ့တဲ့နေ့
  အဆုံးအစ ထပ်ခဲ့တဲ့ဖြစ်ရပ်”

သူ အသံထွက်ဖတ်လိုက်ပြီးမှ အလိုမကျသလို နှာခေါင်းရှုံ့လိုက်ရင်း

“ဒါဘာတွေလဲ”

“အိမ်ပြန်နိုင်ဖို့ ဂါထာတွေလို့ပဲ မှတ်ထားပါ။ ရအောင်မှတ်သွား။”

သူ့မျက်ဝန်းမှာ နားမလည်ခြင်းတွေဖြတ်ပြေးလျက်

“ဒါနဲ့ နင်ကရော ဘယ်သူလဲ”

“ငါကလား”

ကောင်မလေးက မျက်ခုံးပင့်ရင်း တဟားဟားရယ်သည်။

“မပြောပါဘူး။ ထားလိုက်ပါ။ ငါဘယ်သူလဲသိတော့ရော။ ဘာအသုံးဝင်မှာမို့လို့လဲ။ အဲ့စာလေးကြောင်းကိုသာ နင်သေချာမှတ်ထား။ ဪ နောက်ပြီး... နင့်မှာ အိမ်ပြန်ဖို့ အခွင့်အရေးက တစ်ကြိမ်ပဲနော် ပိုင်စိုးရ။ ဒါလေးကို ငါ သတိပေးတာ။ ဘာကိုပဲရွေးရွေး သေချာရွေးပေါ့”

“နင်က ဘာကိုရွေးခိုင်းနေတာလဲ”

“အခုကမ္ဘာနဲ့ နင့်မူရင်းကမ္ဘာပေါ့ ပိုင်စိုးရရယ်။ နင်ရွေးရမှာပဲမဟုတ်လား”

သူ ငိုင်သွားမိသည်။ ကောင်မလေးကတော့ မျက်နှာပေါ်မှာ ဖော်ရွေသည့်အပြုံးလေးတင်ထားရင်းဖြင့်

“ငါနဲ့တွေ့တုန်းလေး နင်သိချင်တာတွေရှိလည်း မေးလို့ရတယ်သိလား။”

စွာကျယ်စွာကျယ်ပြောကာ ကျောက်သားခုတင်ဘက်ကို လျှောက်သွားသည့် ကောင်မလေးကြောင့် သူပါ အနောက်ကလိုက်သွားမိသည်။ အနားရောက်တော့ ခုတင်ပေါ်က လူကို သဲသဲကွဲကွဲမြင်လိုက်ရသည်။

“ဟာ ဒါ... ဒါက”

သူ အံ့ဩတကြီးပြောမိတော့ သူမက ခေါင်းညိတ်သည်။

“ဟုတ်တယ်။ ဒါ တည်ငြိမ်ယင်းလေ။ သူက ဒီမှာအိပ်ပျော်နေတာ ကြာပြီ။ အင်း ငါခေါ်ထားတာ”

“သူ... သနားပါတယ်ဟာ”

သူမက သူ့ကိုအပြုံးတစ်ပွင့်နဲ့အတူလှမ်းကြည့်ကာ အိပ်ပျော်နေသော တည်ငြိမ်ယင်း၏ ခေါင်းကိုဖွဖွကလေးပွတ်ပေးရင်း မိခင်တစ်ယောက်က သားတစ်ယောက်ကို ကြည့်နေသလိုမျိုး အကြည့်မျိုးနှင့် အကြာကြီးကြည့်နေသည်။

“မပူပါနဲ့ ခုကစပြီး သူအဆင်ပြေသွားတော့မှာပါ”

“တကယ်လား”

“တကယ်ပေါ့။ ငါပြောတာယုံ”

သူ အနည်းငယ်တွေဝေသွားသည်။

“ငါရော? အဆင်ပြေပါ့မလား”

သူမက တစ်ချက်ရယ်လိုက်ကာ

“နင် ဘယ်မှာပဲနေဖို့ရွေးရွေး နင်အဆင်ပြေမှာပါ။ ငါကသာအဆင်မပြေမှာ”

“ဟင် နင်ကဘာလို့အဆင်မပြေမှာလဲ”

“ဘာလို့ဆို နင်မူရင်းကမ္ဘာကိုရွေးရင် တစ်ဖက်ကကမ္ဘာကြီး ပျက်စီးသွားလိမ့်မယ်။ တကယ်လို့ နင် ငါ့ကမ္ဘာကိုရွေးရင် မူရင်းကမ္ဘာက နင့်မိဘတွေ... စိတ်ထိခိုက်ဝမ်းနည်းရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အရင်းစစ်တော့ ငါ့ကြောင့်ပဲဖြစ်လာမှာပဲဆိုတော့ နင် ဘာကိုပဲရွေးရွေး ငါကတော့ လူဆိုးမကြီးဖြစ်သွားမှာပဲ။ အဲ့တာကြောင့်”

သူမက တည်ငြိမ်ယင်း၏ မျက်နှာအားစိမ်ပြေနပြေကြည့်နေကာ သူ့ကို ရှင်းပြနေသည်။

“နေပါဦး နင့်ကမ္ဘာဆိုတာ ဘာကိုဆိုလိုတာလဲ”

သူမ တခစ်ခစ်ရယ်ပြန်လေသည်။ ထို့နောက် လက်ဖျစ်တစ်ချက်တီးလိုက်ကာ

“ငါ့ကမ္ဘာလို့ပြောတာက ဘာလို့လဲဆို ငါက သော်ကဝေဖြစ်နေလို့ပဲ။ ဪ ဒါနဲ့ ဘုရင်ခစားကို အလိုလိုက်လိုက်နော် ဘေဘီ။ သူက Devilနော် အလိုမကျရင် ရှင့်ကိုဝါးစားသွားဦးမယ် ခစ်ခစ်”

ရယ်သံစွက်ကာ ပြောနေသံက အဆောက်အဦကြီးတစ်ခုလုံးမှာ လွင့်နေသည်။ သို့သော် ကောင်မလေးကတော့ လက်ဖျစ်တီးပြီးကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသာလျှင် အိပ်ပျော်နေသည့် မူလတည်ငြိမ်ယင်းနှင့် ထီးထီးကြီးကျန်ရစ်ခဲ့လျှက်။

“ဟိတ် ယင်း ထတော့”

အသံတစ်ခု၏ ဆွဲငင်အားကြောင့် သူဝိဥာဥ်က လှုပ်ခနဲခံစားလိုက်ရကာ တစ်ခုခုက ဆွဲစုပ်လိုက်သလို ခံစားလိုက်ရပြီး အမှောင်အတိကျသွားသည်။ သူ မျက်လုံးဖွင့်လိုက်ချိန်မှာ သူဟာ ကုတင်ပေါ်ပြန်ရောက်နေပြီး အနားမှာလည်း ဇာတ်လိုက်ရှိနေသည်။

“ဘာဖြစ်လို့လဲ”

“ညရောက်နေပြီလေ။”

“ညတောင်ရောက်ပြီ?”

သူ တအံ့တဩပြောရင်း ထထိုင်လိုက်မိသည်။ အပူရှိန်က ငွေ့ငွေ့လေးပဲကျန်တော့တာပါ။ မနက်ဖြန် သန်ဘက်ခါလောက်ဆို ပျောက်သွားမဲ့ပုံမျိုးဖြစ်သည်။ အင်္ကျီတွေကိုကြည့်လိုက်တော့ မအိပ်ခင်က ဝတ်ထားတဲ့ဟာတွေလည်းမဟုတ်ဘဲ မအိပ်ခင်ကလိုမျိုး ချွေးတွေနဲ့ စေးကပ်နေတာလည်း မရှိတော့တာမို့ သူ မျက်လုံးပြူးသွားသည်။ မဟုတ်ပါစေနဲ့။ ဇာတ်လိုက် ငါ့ကိုလဲပေးထားတာမဖြစ်ပါစေနဲ့။ မေမေပဲလဲပေးထားတာဖြစ်ပါစေ။ မျက်စိမှိတ်ကာ အတင်းအကြပ်ဆုတောင်းနေပေမဲ့လည်း ပြောပြီးသားမလား။ ကားတိုက်ခံရပြီးကတည်းက ကံဆိုးလာတာပါဆိုနေ။

“ဟုတ်တယ်လေ။ ညစာစားရမယ်။ ဒါနဲ့ တစ်ကိုယ်လုံးကို ရေပတ်တိုက်ပြီး အင်္ကျီလဲပေးထားတယ်သိလား။ ကိုယ့်ကို ကျေးဇူးတင်စရာမလိုပါဘူး။ အိုခေ?”

ကိုယ့်မျက်နှာကြီးကိုယ် ဓားနဲ့လှီးပြီးသာ အိပ်ယာခင်းအောက် ဝှက်ထားလိုက်ချင်တော့သည်။ ဒီလောက် တစ်ကိုယ်လုံးရေပတ်တိုက်ခံရတာတောင် မနိုးလာမိသည့် ကိုယ့်အဖြစ်ကိုယ်လည်း ဒေါသထွက်သည်။ ဇာတ်လိုက်မျက်နှာကိုကြည့်မိတော့လည်း ထိုလူ့ပုံစံက နည်းနည်းလေးမှ ရှက်တဲ့ပုံမပေါက်သည့်အပြင် ပြုံးနေသည့်ပုံက ဟို လိုလို ဒီလိုလို။ ငြိမ် မကျေနပ်စွာ စောင်ကိုကန်ထုတ်လိုက်ကာ

“ဗိုက်မဆာသေးဘူး။ ဆန်ပြုတ်ကြီးလည်း မစားချင်ဘူး”

“ကြက်သားဆန်ပြုတ်လေ။ မွှေးနေတာပဲဆို”

“ဟင့်အင်း မစားဘူး။ ထမင်းပဲစားချင်တာ”

“စားလို့မှမရတာ။ နေမကောင်းဘူးလေ”

“ဟင့်အင်း ဟင့်အင်း ထမင်းပဲ”

ဘုရင်က စူပုပ်နေသည့်မျက်နှာနှင့် တစ်လောကလုံးကို ဂျစ်တိုက်ချင်နေဟန်ရသော ကောင်လေးကို ကြည့်ကာ ပြုံးလိုက်သည်။ သူ့အပြုံးက ပုံမှန်မဟုတ်သလို ခန္ဓာကိုယ်ကလည်း ငြိမ့်ဆီ တဖြည်းဖြည်းတိုးကပ်သွားကာ နှစ်ကိုယ်ကြားလေသံလေးဖြင့်

“အိုခေလေ။ ထမင်းဆိုလည်း ထမင်းပေါ့။ ဘာနဲ့စားချင်လဲ၊ လူသားဟင်းနဲ့စားမလား”

ငြိမ့်စူပုပ်ပုပ်မျက်နှာက ချက်ချင်းပင် ငိုမဲ့မဲ့ဖြစ်လာကာ မျက်ရည်တွေဝဲတက်လာသည်။ ထို့နောက် ခေါင်းကို ပြုတ်ထွက်မတတ်ခါရင်း

“စားဝူး။”

ဘုရင်က ငြိမ့်မျက်နှာကိုကြည့်ရင်း တဟားဟားရယ်ကာ ငိုတော့မည့်ပုံနှင့်ကောင်လေးအား ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။ ငြိမ့်မှာတော့ စိတ်ဆိုးဆိုးနှင့် ဘုရင့်အသားကိုလည်းမကိုက်ရဲဘဲ ရင်ဘတ်က အင်္ကျီစကိုသာ မကျေမနပ် ဆွဲကိုက်ထားလေသည်။ အမျိုးမျိုးခြိမ်းခြောက်ခံရပြီးနောက်မှာတော့ ငြိမ်က ငြိမ်သက်စွာနဲ့ ဆန်ပြုတ်သောက်နေရသည်။ ဆန်ပြုတ်က ဘုရင်ပြောသလို တကယ်မွှေးမွှေးလေးပါ။ ကြက်သွန်မြိတ်လေးတွေလည်းပါတာမို့ ဖြူဖတ်ဖတ်ကြီးဖြစ်မနေဘဲ အမြင်လည်းလှသည်။ ဒါပေမဲ့ သူ့မှာ ဖြောင့်ဖြောင့်မြိုမချရဲ။ သူ့ကို တစ်လုတ်ခွံ့ပေးလိုက် ဇာတ်လိုက်က တစ်လုတ်စားလိုက်မို့ ငြိမ့်မျက်နှာက အဖျားရှိန်ကြောင့် မဟုတ်ဘဲ ရဲနေသည်။ မေမေကလည်း ဘာဖြစ်လို့ ကိစ္စအဝဝကို ဒီလူနဲ့ပဲလွှတ်ထားသလဲမသိ။ ဇာတ်လိုက်ကို သူ့အမေယုံလိုက်ပုံများ ဇာတ်လိုက်က သူ့သတ်သွားတောင် သိမှာမဟုတ်။ စားပြီးတော့လည်း ငြိမ့်နှုတ်ခမ်းဘေးမှာ ပေနေတာတွေကို ဘုရင်ကပဲ လက်နဲ့သုတ်ပေးကာ

“နက်ဖြန်ကျရင် နေကောင်းလောက်ပြီဆိုတော့ အတော်ပဲ”

ဘုရင့်မျက်နှာက အမူအရာကိုကြည့်ပြီး ငြိမ်တံတွေးနင်သွားသည်။ တစ်ခုခုပဲဆိုတာကို တွေးလိုက်မိကာ

“ဘာဖြစ်လို့လဲ”

“ဪ အဘိုးလာလိမ့်မယ်လေ”

“အဘိုးက? ကျွန်တော့်ကိုလာကြည့်မှာလား”

“အင်း...၊ ဆိုပါတော့။ တကယ်က အဲ့တာထက် သား လာတောင်းမှာ”

“သား... လာ... တောင်း... အမ်... ဘာရီး? အဲ့တာ မေမေတို့ကို ကျွန်တော်တို့အကြောင်း...”

မျက်ကလူးဆန်ပျာနှင့် ငြိမ်ကထပြောသည်။ ဘုရင်ကတော့ တည်တည်ငြိမ်ငြိမ်ပဲခေါင်းညိတ်၍

“ဟုတ်တယ်လေ အဲ့တာကြောင့်ပြောတာ။ မနက်ဖြန်နေကောင်းတာနဲ့အတော်ပဲလို့”

ငြိမ် ကိုက်စရာမရှိ‌ စောင်ကြီးကိုက်ရင်းသား ခေါင်းကိုတွင်တွင်ခါမိသွားသည်။

“မေမေတို့ သဘောတူပါ့မလားဗျ။ ခင်ဗျားနှယ် ကြံကြီးစည်ရာ”

“တူတာပေါ့ မတူစရာရှိမလား။ ကိုယ်က ဥစ္စာပေါ၊ရုပ်ချော”

ဘဝင်ရူးကြီးလို့ပြောချင်ပေမဲ့ ပြောမထွက်။ ကိုယ်က ကြောက်ရတဲ့လူမဟုတ်လား။

“ဒါပေမဲ့ ဖေဖေတော့သဘောမတူလောက်ဘူး၊ မယုံရင်ကြည့်နေဗျာ”

“တကယ်လား။ ပြန်စဥ်းစားနော် ယင်း။ ကိုယ်လုပ်ရင် မဖြစ်တဲ့အရာဆိုတာမရှိဘူး။ မင်းအဖေသဘော တူလာဖို့ဆိုတာ ပညာကုန်အောင်မသုံးရဘူး”

“အင်းပေါ့။ အကြမ်းနည်းတွေနဲ့...”

“မင်းမိဘတွေကို ကိုယ်ကအဲ့လိုလုပ်ပါ့မလား။ ဘာပဲဖြစ်ဖြစ် သဘောမတူမှာကိုပဲ စိုးရိမ်နေတာမလား။ မစိုးရိမ်နဲ့။ မင်္ဂလာဆောင်ကိုဘယ်မှာ လုပ်မှာလဲသာတွေးထား”

ငြိမ့်မျက်နှာရှုံ့မဲ့သွားသည်။ ဘယ်သူက သဘောမတူမှာကို စိုးရိမ်နေလို့လဲ။ ပေါက်ပေါက်ရှာရှာ။ သဘောမတူရင် ပိုတောင်ကြိုက်သေးတဲ့ဟာကို။ အင်းပေါ့။ ဖေဖေတို့က ဘယ်ငြင်းရဲပါ့မလဲ။ အစစအရာရာပါဝါက ကြီးနေတာကိုး။ ဇာတ်လိုက်ဆိုတဲ့ လူကြီးက။

မကျေနပ်ပေမဲ့လည်း ဘာမှပြန်ပြောနိုင်တာလည်းမရှိ။ ဆေးကို လိမ်လိမ်မာမာသောက်ရင်းသာ ဘုရားရှိခိုးပြီး ဆုတောင်းလိုက်ရသည်။

‘မနက်ဖြန်ကျ အသက်နဲ့ခန္ဓာ တစ်တွဲတည်းရှိပါစေကြောင်း’

Love Zone (Completed)Where stories live. Discover now