The Extra Part(Zawgyi)

4.8K 137 0
                                    

Zawgyi

လူတွေပျားပန်းခတ်အောင် များပြားနေတဲ့ခန်းမကြီးတစ်ခုရဲ့ ထိပ်ဆုံးမှာ ရွှေရောင်ပိုးဖဲသားတွေနဲ့ လုပ်ထားတဲ့ ဆိုဖာခုံတန်းရှည်ကြီးတစ်ခုရှိလေသည်။ ထိုခုံတန်းရှေ့မှာတော့ စားပွဲတစ်ခုရှိနေကာ အဖြူရောင်ဖဲစနဲ့ ရွှေရောင်ဖဲစကို ရောနှောပြီးအလှဆင်ထားသည်။ ခန်းမကြီးတစ်ခုလုံးသည် ခြုံငုံကြည့်ရလျှင် နန်းတော်ကြီးတစ်ခုနှင့် တူလှသည်။ အဖြူရောင်ပိုးစတွေနှင့် နေရာတကာမှာအလှဆင်ထားကာ ရွှေရောင်ဇာလိပ်တွေကတော့ ခန်းမ၏ထိပ် မင်္ဂလာမောင်နှံ၏အမည်ကိုရေးသားထားသော နံရံမှာသာ လှပစွာတွဲကပ်နေသည်။ အမိုးထက်ကနေ တွဲလျားကျသော မီးဆိုင်းတွေက ပယင်းတွေနဲ့လုပ်ထားတာဖြစ်ကာ ပန်းဆိုင်းတွေက လူတွေရဲ့ခေါင်းပေါ်ကို နီးနီးကပ်ကပ်ရှိလောက်‌အောင်ထိ ရှည်လျားနေသည်။ အလှဆင်ရာမှာ သုံးသည့် ပန်းတွေကအစ အဖြူရောင်ကိုပဲ များများစားစားသုံးထားတာကြောင့် ပယင်းရောင်နဲ့ ရွှေရောင်တို့က များပြားလှသော အဖြူရောင်များကြားမှာ ထင်းထွက်နေသည်။ လူတွေက ပကာသနတွေစီခြယ်လို့ ရွှေရောင်ငွေရောင်ခြုံပြီး လာကြပေမဲ့ ဖြူစင်ပြီး ရိုးရှင်းတယ်လို့ခံစားရတဲ့ မင်္ဂလာခန်းမကြီးက သူတို့ကို အံဝင်ခွင်ကျဖြစ်ခွင့်မပေးပေ။

ခန်းမအနှံ့မှာ အဖြူရောင်ဖဲစတွေနှင့် ရွှေရောင်ကြိုးမျှင်စကလေးတွေ ရောယှက်အလှဆင်ထားသော ထိုင်ခုံတွေနှင့် စားပွဲတွေ ရာချီရှိနေ၏။ လျှောက်လမ်းကအစ အသေးစိတ်လုပ်ထားတာဖြစ်ကာ သုံးနေကျဖြစ်တဲ့ အနီရောင် ကောဇောကိုမသုံးဘဲ ရွှေရောင်ဖဲသားစကိုသာ ကောဇောသဖွယ်အထပ်ထပ်သုံးထားသည်။ ခန်းမထိပ်ဆီက စားပွဲလေးပေါ်မှာ ငွေရောင်ရေကရားနှစ်ခုနှင့် ငွေဖလားတစ်ခုရှိနေသည်။ မျက်စိအမြင်စူးသူတွေကသာ ဒီဟာတွေကို အစစ်လို့ သိနိုင်ပေလိမ့်မည်။ ရွှေရောင်စလွယ်နဲ့လူကြီးတစ်ယောက်လည်း ခန်းမထိပ်တွင်ရှိနေကာ တစ်စုံတစ်ယောက်ကို စောင့်နေဟန်တူသည်။ တကယ်တော့ ထိုလူကြီးသာ တစ်ခုခုကိုစောင့်နေတာမဟုတ်။ ခန်းမထဲရှိ လူပေါင်းစုံက တူညီသော တစ်စုံတစ်ခုကို စောင့်နေကြတာချည်းဖြစ်သည်။

Love Zone (Completed)Where stories live. Discover now