EP(3)

10.3K 791 6
                                    

Uni

“သားရေ မှန်း၊ ဒါလေး မဆိုးဘူး”

မေမေက သူမဘာသာရေရွတ်ရင်း လက်ထဲကပုဆိုးအပြာကွက်လေးကို သူ့ခါးမှာပတ်ကြည့်သည်။ ထို့နောက် သူမဘာသာသဘောတကျရယ်ကာ ဆိုင်ရှင်ကောင်မလေးလက်ထဲကို ထိုးပေးလိုက်ပြန်သည်။ ဝယ်ဖို့ဆိုပြီး ဆိုင်ရှင်ရဲ့လက်ထဲကို ထိုးထိုးပေးနေတာ ဘယ်နှထည်လောက်များရှိနေပြီလဲ။ ခန့်မှန်းချေ ၇ထည်ထက်မနည်းရှိနေလောက်ပြီထင်သည်။ သူ ခေါင်းကုတ်လိုက်မိသည်။ မေမေက ဘာလို့ဒီလောက်အများကြီးဝယ်နေတာလဲမသိ။ တကယ်ဆို သူ ပုဆိုးတွေကို လုံးဝဝါသနာမပါပါဘူးဆိုနေ။

“မေမေ တော်တော့လေနော်၊ များနေပြီဟာကို၊ သား ဘောင်းဘီတိုတွေဝယ်ရဦးမယ်”

“သားရယ် တက္ကသိုလ်ကျဝတ်ဖို့ ပုဆိုးတွေကပိုအရေးကြီးတယ်လေ။ ဘောင်းဘီတွေက သားမှာလည်း အများကြီးရှိနေတာပဲဟာ၊ ခဏနေဦး လည်ကတုံးတွေနဲ့ ကော်လာတွေပါဝယ်ရဦးမှာ၊ ပြီးမှ သားစိတ်တိုင်းကျ ဝယ်ချင်တာဝယ် ဟုတ်ပြီလား”

“ဟုတ် မေမေ။ ဒါဆို အဲ့အင်္ကျီတွေကို မေမေပဲရွေးဝယ်လိုက်နော်၊ သား ဘောင်းဘီတွေ ကြိုကြည့်ထားလိုက်မယ်နော်”

“အေးအေး သား၊ ညိုညိုရေ သားကို ဘောင်းဘီတွေပြပေးလိုက်ဦး၊ သူကဘောင်းဘီတွေပဲ ကြိုက်တာ”

မေမေက ရယ်မောရင်းသား ဆိုင်ကကောင်မလေးကို ညွှန်ကြားလိုက်သည်။ နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ကို အမေတော်ရတာ တစ်မျိုးတော့ကောင်းသည်။ မေမေဆင်ပေးသမျှ အင်္ကျီတွေ၊ ရှပ်တွေဆိုတာ တကယ့်မှ လိုက်ဖက်တာတွေချည်းဖြစ်သည်။ နောက်ပြီး ဆိုင်တွေကလည်း မေမေ့ကိုဆို လေးစားပြီးချစ်ကြတာကြောင့် ဝယ်ရတာ လွယ်မှလွယ်ဖြစ်နေသည်။

“မေမေ သား အပြင်ကစောင့်မယ်နော်”

“အေးအေး သား၊ ကဲ အဲ့တာပဲကြည့်တော့ ညိုရေ၊ သားမွေးထား‌တော့လည်း မအေနဲ့ ဈေးဝယ်တူတူ ထွက်ဖို့ စိတ်မရှည်ကြဘူး၊ အဲ့တာကြောင့် သမီးလေးတစ်ယောက်လောက် ထပ်ယူရကောင်းမလားတွေးနေတာ ခစ် ခစ်”

မေမေက သူ့ကိုစကားပြန်ရင်းသား ဆိုင်ကကောင်မလေးတွေကို အတင်းတုပ်နေသည်။ ကြားလိုက်ရသည့် သူ့မှာတော့ ရှေ့ပဲဆက်သွားရတော့မလို၊ နောက်ပြန်ဆုတ်ပြီး မေမေ့နားပဲ ပြန်သွားရတော့မလိုဖြစ်သွားသည်။ ကားနားမှာရပ်ရင်း လမ်းမကြီးကို အဓိပ္ပာယ်မဲ့ ငေးနေမိသည်။ နောက် ရက်နည်းနည်းဆို တက္ကသိုလ်တွေ စ,တက်ရတော့မည်။ အခုထိ ကိုယ့်ဘဝကိုယ်ဘာမှန်းရေရေရာရာ မသိသေးတာကတော့ စိတ်ညစ်ဖွယ်ကောင်းလှသည်။ ကိုယ့် မှတ်ဉာဏ်တွေကိုယ် သေသေချာချာသိချင်ပေမဲ့လည်း အိပ်မက်တွေထဲမှာ ဟိုတစ်ကွက်ဒီတစ်ကွက်လောက်ပဲ တွေ့ရသေးသည်။ ဘာရယ်မဟုတ် နှာခေါင်းကို ပွတ်ဆွဲလိုက်ကာ လက်တွေကို ဘောင်းဘီအိတ်ထဲထည့်ရင်း ခပ်လျော့လျော့ မတ်တပ်ရပ်နေမိသည်။

စက်ဘီးလေးတစ်စီးက လမ်းမကြီးအတိုင်းခပ်မြန်မြန်စီးလာတာကို သူတွေ့လိုက်ရသည်။ ထို့နောက် မျက်နှာချင်းဆိုင်မှာ ကားတစ်စီးလာနေတာကိုတွေ့လိုက်ရသည်။ သာမန်လိုပါပဲလို့တွေးရင်း ရပ်ကြည့်နေလိုက်ပေမဲ့

“ဒုန်း...”

ကျယ်လောင်တဲ့အသံတွေနဲ့အတူ စက်ဘီးလေးက မြောက်တက်သွားကာ ကားကတော့ အချိန်မီဘရိတ်အုပ်လိုက်ရသည့်အတွက် လည်ထွက်သွားသည်။ စက်ဘီးမောင်းသူက လမ်းမပေါ်ကိုလဲကျသွားကာ ခေါင်းမှသွေးတွေထွက်လာသည်။ သူ... ထိုမြင်ကွင်းကို ကြောင်အစွာကြည့်နေမိသည်။ လမ်းမပေါ်ကို လူတွေအုံလာသည်။ ထို့နောက် ဆူညံဆူညံအသံတွေကို ကြားလိုက်ရသည်။ သူ့နှလုံးသည်လည်း ပြင်းထန်စွာခုန်လာသည်။ အသားတွေသည် ချက်ချင်းအေးစက်လာကာ တဆတ်ဆတ်တုန်ရီလာသည်။ မူးဝေကိုက်ခဲလာသော ဦးခေါင်းကြောင့် နံဘေးကိုရောက်လာသော မေမေ့ကိုလှမ်းဆွဲလိုက်ပေမဲ့ ဘာကိုမှ မဖမ်းမိလိုက်ဘဲ စိတ်လိပ်ပြာလေးသည်သာ လေထဲပျံဝဲလျှက်။

Love Zone (Completed)Where stories live. Discover now