ချင်းပေ မေ့လှဲသွားသည်နှင့် လေဟာနယ်က မငြိမ်မသက်ဖြစ်လာကာ ပြိုကွဲသွားတော့သည်။ လီချန်က သူမရဲ့ ခန္ဓာကိုယ်ကို ပွေ့လျက်သား စမ်းသပ်ခန်းတွင် ပြန်ပေါ်လာသည်။ သူက သူမအား အခန်းသို့ပြန်ခေါ်လာကာ လျိုစစ်ကျီအား ခေါ်လိုက်သည်။
" သူမ ဘယ်လိုနေလဲ ?" လီချန်က ချင်းပေရဲ့ လက်အား နူးညံ့စွာကိုင်ရင်း မေးလိုက်သည်။
လျိုစစ်ကျီက အနည်းငယ် မရေရာသည့်လေသံဖြင့် " ချင်းရွယ်က ဘာမှမဖြစ်ပါဘူး.. ဒါပေမဲ့ သူမ နိုးမလာတာက ထူးဆန်းတယ် "
" ဘာမှမဖြစ်ရင်ရပါပြီး ယွဲ့လော်ကို ဒီကို ခေါ်လာပေးပါ .. ငါတို့ ဒီကနေသွားတော့မယ် .." လီချန်က ချင်းပေရဲ့ နဖူးပေါ်က ဆံစလေးကို သပ်တင်ပေးလိုက်သည်။ သူက လျိုစစ်ကျီရဲ့ တုံဆိုင်းနေသည့် အမှုအရာကို ကြည့်ကာ " မင်း သိပါတယ်.. ချင်းအာက အစကတည်းက ခံတပ်တွေမှာ မနေဖို့ ဆုံးဖြတ်ထားပြီးသားကို.. ပြီးတော့ ယွဲ့လော်ရဲ့ လက်ရှိအခြေအနေက လူအများကြီး ရှိတဲ့နေရာမှာ မနေသင့်ဘူး.. သူ့ရဲ့ စွမ်းရည်ကို စွမ်းအားကြီးတဲ့ လူတွေ အာရုံခံမိသွားရင် ဒုက္ခရောက်နိုင်တယ်.."လျိုစစ်ကျီက တွေဝေသည့် အမှုအရာဖြင့် ပြန်သွားသည်။
လီချန်က ချင်းပေရဲ့ နဖူးလေးကို ခပ်ဖွဖွ တစ်ချက်နမ်းရင်း " ဘာမှမလုပ်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ် "
ညနေထိ တိုင်အောင် လျိုစစ်ကျီက ရောက်မလာခဲ့သဖြင့် လီချန်က လိုက်သွားသည်။
" မင်းတို့ ယွဲ့လော်ကို ခေါ်သွားလို့မရဘူး " လျိုစစ်ကျီရဲ့ ရန်လိုသံကို အခန်းအပြင်ကနေတောင် လီချန်က ရှင်းလင်းစွာကြားလိုက်ရသည်။ သူက အခန်းတွင်းသို့ ချက်ချင်းဝင်လိုက်တယ် ။
အခန်းထဲတွင် လူဆယ်ယောက်လောက်ရှိနေသည်။ လျိုစစ်ကျီအား လူနှစ်ယောက်ချုပ်ထားပြီး ဒူးထောက်နေရသည်။ ကုရှောင်းက မသက်မသာဖြစ်နေသည့် အမူအရာဖြင့် ယွဲ့လော်အား ဆွဲထားသည်။ အခန်းထဲတွင် ချင်စီရင်စုရဲ့ အထက်ကြီးပိုင်း နှစ်ယောက်နဲ့ သူမသိတဲ့ လူလေးယောက်ကို တွေ့လိုက်တယ်။
အခန်းတွင်းက လူများက သူဝင်လာတာကို မမျှော်လင့်ထားသဖြင့် အံ့ဩသွားကြသည်။ လီချန်က ထိုသူများကို ဂရုမစိုင်ဘဲ ယွဲ့လော်ထံသို့ ဦးတည်သွားလိုက်သည်။ လီချန်ကို မြင်သည်နှင့် ယွဲ့လော်က ကုရှောင်းလက်မှအတင်းရုန်းတော့သည်။ ခနမျှသတိလွတ်သွားသည့် ကုရှောင်းလက်မှ လွှတ်သည်နဲ့ လီချန်ထံသို့ ပြေးဝင်သွားကာ " ကိုကို ... မမ ရော ဟင် ..မမ ဘာလို့မပါလာတာလဲ ...ကိုကို့ဆီ သွားတာမလား "