🌷 အပိုင်း - ၃ 🌷
" တကူကူး..... ကူ၊ တကူကူး...... ကူ"
ချိုးငှက်ကူသံကြောင့် ရှေ့ဆုံးမှ မြင်းညိုကြီး စီးထားသော ရာဇသံရလက်တစ်ဖက်က ခဏရပ်ဆိုသည့် သဘောဖြင့် မြောက်ပြလိုက်သလို မြင်းဖြူကြီး ဗန္ဓူပေါ်မှ န၀လဲ ဇက်ကြိုးကို တင်းခနဲဆွဲကာ တောအုပ်ထဲ ဝေ့၀ဲ အကဲခတ်လိုက်မိသည်။
" အရှင့်သား... "
" သိတယ် ရာဇသံရ ။ မင်း ဒီမှာ ကျန်နေပီး ဘေးကနေ ပန်းတက်ခဲ့ချည်။ ငါက တပ်စိတ်နှစ်ခု နဲ့ ရှေ့ဆက်သွားမယ်။"
အရှင့်သား စကားကြောင့် ရာဇသံရ ခေါင်းခါလိုက်ရင်းမှ...
" အန္တရာယ် များလွန်းပါတယ် အရှင့်သား။ ကျွန်တော် ပဲ "
" ငါ့ အတွက် အန္တရာယ် က ရိုးနေပီ ရာဇသံရ ။ ငါ ပြောတဲ့ အတိုင်းလုပ်။ နောက်ပြန်ဆုပ်ရင် န၀မင်းသားက သွေးကြောင်တယ် အမည်တွင်မခံနိုင်ဘူး။"
သူ့ အရှင်သားသည် ဤသို့ နှယ်ပင်။
လက်ရုံးရည် ၊ နှလုံးရည်မှာ အရှင့်သားကို သာလွန်သည့်လူ မရှိဟု သူ သတ်မှတ်သည်။ သို့သော် သူ့ အရှင်သည် တစ်ခါမှ အိမ်ရှေ့စံတို့ ကို အနိုင်ယူခဲ့တာမျိုးမရှိပဲ အလျော့ပေးနေကြပင်။ မင်းသားတိုင်း သင်ကြားရသည့် အဌာရသ ဆယ့်ရှစ်ရပ်တောင် သင်ကြားခွင့်မရခဲ့ပဲ မှူးမတ်တော်တော်များများ ကန့်ကွက်တောင်းဆိုမှ ဦးရီးတော် ကန္တာရဆီမှာ သင်ကြားခဲ့ရသည်။
န၀ မြင်းဇက်ကြိုးကို ထိန်းကာ ခပ်ဖြည်းဖြည်းပဲ စီးလာရင်း ဘေးဘီကိုလဲ အကဲခတ်နေမိသည်။
" ဝှစ်! "
လေတိုးသံ သဲ့သဲ့နဲ့အတူ နေရာင်ကြောင့် လက်ခနဲ ဖြစ်သွားသည်မို့ ကမန်းကတန်း လက်ထဲက ဓားဖြင့် သူ့မျက်နှာတည့်တည့် ၀င်လာသည့် ဓားမြှောင်ကို ချွင်ခနဲ ပုတ်ချလိုက်တုန်းမှာပဲ ဝှီးခနဲ အသံနဲ့အတူ လည်ပင်းကို လာစွပ်သည့် ခဲတပ်ကြိုးကွင်း။ တဆက်ထဲ ဆောင့်ဆွဲခံလိုက်ရသည်မို့ မြင်းပေါ်က ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွားစဉ်မှာပဲ....
" သေစမ်း.... "
သူ့ အပေါ်ခုန်အုပ် ခွစီးလျက် ဓားဖြင့် ထိုးစိုက်ချလာသည့် မျက်နှာဖုံးနှင့် လူကြောင့် ကမန်းကတန်း ဓားဦးကို ဖမ်းဆုပ်ပစ်လိုက်တော့ သူ့လက်မှ သွေးတွေစီးကျလာရသည်။
