🌷 အပိုင်း - ၃၀ 🌷
မိဖုရားခေါင်နန်းဆောင်ရှေ့တွင် နောက်ပါ ရံရွေတော်တွေနှင့် အိပ်ဖန်စောင့်တွေပါ တန်းစီစောင့်နေရင်း ထိုသူတို့၏ အရှေ့ဆုံးတွင် န၀ဧကရာဇ်ဘုရင်မင်းမြတ်။ နန်းဆောင်ဘက် တည့်တည့်စိုက်ကြည့်နေရင်းမှ တစ်ချက်ကလေး အကြည့်မလွှဲသလို သူ့ နောက်ပါးမှလဲ အသံတွေတိတ်နေပေမယ့် အချင်းချင်းတော့ မျက်စပစ်ကာ အံ့ဩနေကြပြီဖြစ်သည်။ မိဖုရားခေါင်နန်းဆောင်၏ အစောင့်ရဲမတ်တွေသာမက အထိန်းတော်တွေပါ ခေါင်းမဖော်ရဲကြ။
အိပ်ဆောင်တံခါး အပြင်ကနေ ကပျာကယာ လှမ်း၀င်လာရင်းမှ အစော ထိုင်နေသည့်အနား လာဒူးထောက်ချလိုက်သည့် အထိန်းတော်ကြီး။ မျက်နှာအပျက်ပျက်ဖြင့် အစောကို ငေးကြည့်ရင်းမှ....
" မယ်မယ်..... အဲ့လိုလုပ်လို့မရပါဘူး မယ်မယ်။ဘယ်နန်းဆက်မှာမှ ဘုရင်ကို အိပ်ဆောင်အ၀င်မခံတဲ့ မိဖုရားရယ်လို့ မရှိဖူးပါဘူး။ ဘုရင်ရဲ့ ချစ်မြတ်နိုးမှူခံရတာ ကံကောင်းတဲ့ကိစ္စပါ... အဲ့လို မလုပ်ပါနဲ့ မယ်မယ်။ မင်းကြီးကို ထွက်ကြိုလိုက်ပါ။"
အထိန်းတော်ကြီးစကားကြောင့် အစော မဲ့ခနဲ ပြုံးလိုက်မိကာ ပါးပြင်ပေါ် စီးကျနေသည့် မျက်ရည်စတို့ကို သုတ်ဖယ်ပစ်မိသည်။ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်းမှ....
" မဟုတ်ဘူး.... အစော သူ့ကို လက်မခံနိုင်တော့ဘူး။ ဘာပြစ်ဒဏ်ကျကျ အစောခံမယ်။ သစ္စာမရှိတဲ့သူကို အစော မုန်းတယ်။ "
အစော စကားကြောင့် စိတ်မောစွာ သက်ပြင်းချလိုက်သည့် အထိန်းတော်ကြီး....
" ဘုရင်ဆိုတာ မိဖုရားတစ်ပါးထဲ ရှိရိုး ထုံးစံမရှိပါဘူး မယ်မယ်။ မယ်မယ် ဒုက္ခရောက်လိမ့်မယ်။"
အစော အင့်ခနဲ ရှိုက်လိုက်မိရင်းမှ သလွန်ပေါ် လဲလျောင်းကာ ဇွတ်အိပ်ရန် ပြင်လိုက်မိသည်။ အစော ဘုရင့်မိဖုရား ဖြစ်ချင်ခဲ့တာမှ မဟုတ်ပဲ။ ဒုက္ခ ဆိုလျှင် အစော ဘာများထပ်ပြီး ဒုက္ခရောက်နိုင်ဦးမှာလဲ။
အစော သူ့ကို သိပ်ချစ်ပါသည်။
ဒါပေမဲ့ ခွင့်မလွှတ်နိုင်အောင် စိတ်ပျက်မိသည်။ သူ့ကြောင့် ခဏခဏ နာကြင်ရတဲ့ဘ၀ကနေ အစော လွတ်မြောက်ချင်လှပါပြီ။
