🌷 အပိုင်း - ၉ 🌷ရာဇသံရ စစ်ရေးလေ့ကျင့်ပီး နားနေရင်းမှ အရှင့်သားအတွက် သေရည်ကို ငှဲ့ပေးနေစဉ် မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်တွင် အပေါ်၀တ်ရုံမပါပဲ ချွေးသံတရွှဲရွှဲဖြင့် ထိုင်ကာ အမောဖြေနေသည့် အရှင့်သားကို လှမ်းကြည့်လိုက်မိသည်။ ကျစ်လစ်ဖုထစ်နေသော ကြွက်သားတွေမှာ စီးကျနေသည့် ချွေးစတွေကြားမှ ထင်းနေအောင် မြင်နေရသည်က ပခုံးစွန်းတွင် လတ်တလော ထိုးထားသည့် အရှင့်သား၏ ချစ်သက်သေတစ်ဖြစ်လဲ ထိုးကွင်းမင်ကြောင်က ခန့်ညားလွန်းနေ၏။
သေရည်ခွက်ကို ယူလာကာ အရှင့်သားဆီ လျှောက်လာရင်းမှ ကမ်းပေးလိုက်ရင်း တစ်ယောက်ထဲ ဘာတွေသဘောကျနေမှန်းမသိ ပြုံးရီနေတာမို့ ရာဇသံရ အံ့ဩတကြီး ဖြစ်သွားရသည်။ အရှင့်သားဟာ မယ်တော်ဆုံးပီးထဲက အပြုံးအရီမှ မရှိတော့ပဲ။ ဘယ်အရာက အရှင့်သားကို ပြုံးရီစေသလဲဆိုတာ သိချင်စိတ်နဲ့အတူ...
" အရှင့်သား ဘာတွေများ သဘောကျနေပါလဲ။"
ရာဇသံရ အမေးကြောင့် န၀ ပြုံးမိရင်းမှာပင် တဆက်ထဲ မြင်ယောင်လာသည်က အစော၏ နှုတ်ခမ်းနုနုလေး။ နမ်းခွင့်ရတာက ခဏလေးပေမယ့် သူ့မှာတော့ ထိုခဏအတွင်း တသက်လုံးစာ ရင်ခုန်သံတွေစုပေါင်းပီး ခုန်ပေါက်နေတယ် ထင်ခဲ့မိတဲ့အထိ နှလုံးသားက ထိန်းချုပ်မရခဲ့တာ။ ချိုလိုက်သည့် နှုတ်ခမ်းပါး ပိုင်ရှင်လေးက မာနကြီးလိုက်တာလဲ ပြောမနေနှင့်ပင်။
" အစော ဟိုနေ့က အရမ်းရှက်သွားပုံကို တွေးမိလို့ပါ။ မျက်နှာလေးကို ရဲပဒေါင်းခတ်သွားတာ ။"
" အရှင့်သား ပေးလိုက်ရတဲ့ လျော်ကြေးက မနည်းဘူးနော်။ "
ရာဇသံရ ၏ သူ့ထိုးကွင်းကို ကြည့်ပီး ပြောလာတဲ့ စကားကြောင့် န၀ ပြုံးလိုက်မိသည်။ တကယ်တော့ ထိုနေ့က အနမ်းလျော်ကြေးထက် အစော ဘာကို မကျေမနပ်ဖြစ်သွားမှန်းလဲ သူသိသည်။ သူမကို ခပ်လွယ်လွယ်မိန်းမတစ်ယောက်အဖြစ် ထင်ဟပ်သွားစေသည်ကို ခံပြင်းတာဖြစ်မည်။ သူ ရှင်းပြချင်တာက အစောကို သူ ဘယ်တုန်းကမှ တန်ဖိုးမထားပဲ မနေခဲ့ဘူးဆိုတာကိုပေါ့။ သူ့ ဘ၀မှာ အစောဟာ တန်ဖိုးအကြီးဆုံးပင်။