🌷 အပိုင်း - ၂၃ 🌷စိမ့်တောမြိုင်ထဲမှ သစ်လုံးအိမ်လေးအတွင်း ဆေးကျိုနေသည့် ရာဇသံရ ။ မလှမ်းမကမ်းမှ ကွပ်ပျစ်ထက်တွင် သတိလစ်နေသည့် န၀မင်းသား။ တစ်ကိုယ်လုံး နေရာလပ်မကျန်အောင် လူးထားသည့် ဆေးအနီတွေက သွေးအရောင်ကဲ့သို့ ဖြစ်နေကာ မျက်၀န်းအစုံပေါ် ဆေးရွက်တွေအုပ်ပေးနေသည့် ဘိုးတောင်ပ ။
" အခြေအနေ ဘယ်လိုရှိလဲ ဘိုးတောင်ပ။"
သေနာပတိကန္တာရ ၏ အမေးကို စိတ်ပျက်စွာ ခေါင်းခါယမ်းရင်း သက်ပြင်းမောကြီးချလိုက်သည့် ဘိုးတောင်ပ ။
" အဆိပ်ကအရမ်းကို ပြင်းတယ် သေနာပတိ။ အရှင့်သား အသက်ကို ကယ်လိုက်နိုင်ပေမယ့် လှုပ်ရှားနိုင်ဖို့ကတော့ လနဲ့ချီပြီး ကြာနိုင်တယ်။ မျက်စိကွယ်သွားတာသာ ပြန်မြင်ရရင် စကားလဲ ပြန်ပြောလာနိုင်မှာပဲ။ ဒါပေမဲ့ ခက်တာက မျက်စိပြန်မြင်နိုင်ပါ့မလားတောင် မသိဘူး။"
ဘိုးတောင်ပ စကားကြောင့် သေနာပတိကန္တာရ စိတ်ပျက်အားလျော့စွာ လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ ဘိုးတောင်ပ လို နတ်ဆေးဆရာတင်စားခေါ်ရသူပင် တိတိပပ မပြောနိုင်တော့ ဘာကိုမျှော်လင့်ချက်ထားရပါ့မလဲ။
" စောကေသာရော.... ဘိုးတောင်ပ ထွက်လာတာ နဝကြောင့်မှန်း သိလား။"
" မသိသေးဘူး သေနာပတိ။ ကျွန်တော် လဲ စိတ်ပူပြီး ကမန်းကတန်း ထွက်လာတာမို့ မပြောရသေးဘူး။ ပြန်ရင် ပြောလိုက်ပါ့မယ်။ သခင်မလေးက သိပ်ကို စိတ်ပူနေရှာတာ။ "
သေနာပတိကန္တာရ ခေါင်းငြိမ့်လိုက်ရင်းမှ စောကေသာကို တွေးပူမိသွားရသည်။
" ဘိုးတောင်ပ..... ကျုပ် နန်းတွင်းပြန်လိုက်ဦးမယ်။ အိမ်ရှေ့စံ ပြန်ရောက်ရင် စောကေသာအတွက် အန္တရာယ်များတယ်။"
ဘိုးတောင်ပ ခေါင်းငြိမ့်လိုက်ရင်း တဲအိမ်ထဲမှ ထွက်သွားသည့် သေနာပတိကို တချက်ကဲကြည့်ကာ အရှင့်သားအတွက် ဆေးကျိုနေသည့် ရာဇသံရ ဆီ လျှောက်လာခဲ့သည်။
" မြန်မြန်လုပ် ရာဇသံရ ။ ဆေးက အချိန်မှန်မှန် တိုက်နိုင်မှ အဆင်ပြေမယ်။"