Part - 33
အောင်ပွဲရကာ ပြန်လာကြသည်မို့ အစော နဲ့ အတူ မှူးမတ်တွေပါ ပန်းကုံးတို့ဖြင့် ထွက်ကြိုကြသည်။ မြင်း ပေါ် မှ ဆင်းလာသည့် သူ့ ပုံစံက ခန့်ညားထည်ဝါမှု အပြည့်။ အစော ရှေ့ရောက်လာပြီမို့ မယ်ဇီ့လက်ထဲမှ စံပယ်ပန်းကုံးကို ယူကာ ပန်းကုံးစွပ်ပေးသည့်အချိန် သဘောကျသလို ပြုံးကြည့်နေပုံကြောင့် အစော ထိုလူလိမ်ကြီးအား မျက်စောင်းထိုးမိသည်။
နဝဧကရာဇ် သူ့ကို ကျေနပ်ပုံမရသည့် အစောကို သဘောကျစွာ ပြုံးကြည့်နေရာမှ လက်လေးတစ်ဖက်ကို ဆွဲယူကာ တမြတ်တနိုး နမ်းရှိုက်လိုက်သည်။ ရဲခနဲ ဖြစ်သွားသည့် အစော ပါးပြင်မို့မို့ နှင့် အနားမှ လူတွေကို သူ ဂရုမစိုက်ပါ။
" အရှင်မင်းကြီး အောင်ပွဲကို ကြိုဆိုပါတယ်။ "
အမတ်တွေ နဲ့ အတူ ညီလာခံကို ထွက်သွားသည့် နဝဧကရာဇ် ။ အစော မလှမ်းမကမ်းတွင် ရပ်နေသည့် အာရတီ့ကို ငေးကြည့်လိုက်ရင်းမှ မျက်ရည်စတို့ ရစ်ဝဲနေတာ မြင်ရတော့ စိတ်မကောင်းပါ။ မိန်းမသားမို့ ခင်ပွန်းသည် ၏ ချစ်မြတ်နိုးခြင်းကို ခံချင်ရှာလိမ့်မည် မဟုတ်လား။
" မယ်ဇီ...."
" ရှင် မယ်မယ်."
" မယ်ဇီ ဒီနေ့ နားလိုက်ပါတော့။ ရာဇသံရ ကို အချိန်ပေးလိုက်ပါ။ သူလဲ ဇနီး နဲ့ နေချင်ရှာမှာပေါ့။ "
အစော စကားကြောင့် မယ်ဇီ ပြုံးကာ ခေါင်းငြိမ့်လိုက်မိသည်။ သူမလဲ အရှင်မင်းကြီး နောက်ပါးတွင် ရပ်နေကာ သူမဆီ လှမ်းကြည့်နေသည့် သူမ၏ သူရဲကောင်းကို ကြိုဆိုချင်ပါသည်။
---------------
ရာဇသံရ အဆောင်ထဲ ဝင်လာသည်နှင့် အသင့်ရောက်နှင့်နေသည့် သူမကြောင့် အံ့အားသင့်သွားရသည်။ သူ ထင်တာက ညချိန်အထိ စောင့်နေရလိမ့်မည်ပေါ့။
" ပြန်လာပြီလား။ "
မပြောမဆို ကမ်းပေးလာသည့် လည်ဆွဲကြောင့် မယ်ဇီ မျက်လွှာပင့်ကြည့်မိသည်။ သူမကို မကြည့်ပဲ မျက်နှာလွှဲလျက်မှ အနေခက်ပုံဖြင့် ခပ်တိုးတိုး ပြောလာသည်က...
" မင်း အတွက်....."