Part - 40
ဇာတ်သိမ်းပိုင်း
စပ်ခွန်မှိုင်း တစ်ဖက်မှ နဝဧကရာဇ် ဦးဆောင်သည့် သီရိသိဂ်ဟ စစ်သည်တွေကို အကဲခတ်ကြည့်ရင်း မြင်း ပေါ် မှနေ၍ ဆောင်ဓားကို ထုတ်လိုက်သည်။
" မုစလိန္ဒရဲမတ်တို့.....သီရိသိဂ်ဟ ဟာ စစ်ကူပို့ပေးမှာ မဟုတ်လို့ ဒီစစ်အင်အားကို အပြတ်ချေမှုန်းကြရမယ်။ ငါတို့နိုင်ရင် မုစလိန္ဒတိုင်းပြည်သစ်ကြီး ထူထောင်နိုင်ပြီဖြစ်သလို ရှုံးခဲ့ရင် သေတောင် ပြေးစရာ မြေမရှိဘူးပဲ။ အနိုင်တိုက်ကြမယ်။ "
ကြွေးကြော်သံတွေ ဆူညံသွားသလို မုစလိန္ဒစစ်သည်တို့၏ စိတ်ဓာတ်အင်အားသည် အမြင့်ဆုံးဖြစ်နေခဲ့သည်။ နှစ်ဖက် စတိုက်ပြီဆိုထဲက မုစလိန္ဒ၏ ထိုးစစ်ဟာ ပြင်းထန်နေသလို စိတ်ဓာတ်ကျနေသည့် သီရိသိဂ်ဟ စစ်သည်တို့ဟာ အတုံးအရုံးဖြင့် အကျအဆုံးများလာသည်။
နဝဧကရာဇ် ဆောင်ဓားကို လက်ကကိုင်၍ ထိုးခုတ်သတ်ဖြတ်နေရင်း ကိုယ့်ဓားဟာ သွေးတွေဖြင့်ပင် စေးကပ်နေခဲ့ပြီ ဖြစ်သည်။
စပ်ခွန်မှိုင်း လက်ထဲက လှံရှည်ဖြင့် နဝဧကရာဇ် ဆီ ပစ်လွှတ်လိုက်တာ သေချာချိန်ရွယ်ပြီး ချက်ကောင်းကို ကွက်တိပင်။ လှံရှည်ပစ်တာ တစ်ဖက်ကမ်းခတ်အောင် တော်သူမို့ သူ့ပစ်မှတ်ဟာ မှားယွင်းခြင်း မရှိ။
" ဟီးဟီးဟီးဟီး! !"
မြင်းဟီသံနဲ့အတူ ပြေးလာသည့် ဗန္ဒူ မှာ တိုက်ခိုက်နေသည့် နဝဧကရာဇ် ကို ရှေ့ကကွယ်၍ ပဒက်ထရပ်လိုက်တာမို့ စပ်ခွန်မှိုင်း ၏ လှံရှည်ဟာ ဗန္ဒူ ကို ထိုးစိုက်ဝင်သွားသည်။
" ဟင်....."
နဝဧကရာဇ် ကမန်းကတန်း လှည့်ကြည့်ရင်းမှ သွေးအိုင်ထဲ လှံရှည်စိုက်လျက်သားနှင့်ပင် လဲကျနေသည့် ဗန္ဒူ့ကြောင့် ဟင်ခနဲ။ အနားထိုင်ချလိုက်ရင်းမှ သူ့ကို ကာကွယ်ပေးမှန်း သူသိတာမို့ ပိုပြီး စိတ်ထိခိုက်သွားရသည်။
" ဗန္ဒူ.... ဖေ့သားကြီး ".
နဝဧကရာဇ် ဗန္ဒူ့ ကျောကို ပွတ်သပ်ပေးရင်း စပ်ခွန်မှိုင်း ဘက် အခဲမကျေသလို လှမ်းကြည့်မိသည်။
