🌷 အပိုင်း - ၁၇ 🌷နန်းဆောင်ထဲ စားတော်ပွဲအုပ်တွေဖြင့် ၀င်လာကြသည့် ရံရွေတော်တွေကို ကြည့်ပီး အစော န၀အတွက်ခွဲပြင်ဆင်လိုက်ရင်း ဘေးမှ ရာဇသံရ ကို ကမ်းပေးလိုက်သည်။
" သူ့ကို ရာဇသံရ ပဲ ယူသွားပီး ကျွေးလိုက်ပါ။ "
အစော စကားကြောင့် ပွဲတော်အုပ်တွေယူကာ အိပ်ဆောင်ထဲ ၀င်သွားသည့် ရာဇသံရ ကို လှမ်းကြည့်လိုက်စဉ်မှာပဲ အစောရှေ့ကို ရောက်လာသည့် ပွဲတော်အုပ်တချို့ကြောင့် သယ်ထားသည့် ရံရွေတော်ကို အစော ကြည့်လိုက်မိသည်။ ကမ်းပေးနေတဲ့ လက်ထဲမှ ပေရွက်အပိုင်းအစကို မြင်လိုက်မိသလိုမို့ မြန်မြန်ယူလိုက်ရင်း.
" ရပီ.... သွားတော့။"
အစော မယ်ဇီ့ကို မျက်နှာရိပ်ပြလိုက်ရင်း လူရှင်းသည့်ဘက် ထွက်လာခဲ့လိုက်သည်။ ပေရွက်ကို ဝှက်ကာ ယူလာရင်းမှ ထုတ်ကာ ဖတ်လိုက်မိတော့ မြင်လိုက်ရတဲ့ လက်ရေးကြောင့် ဟင်ခနဲ။အမောင့်လက်ရေးမို့ အမောင် ဘေးကင်းမှန်းသိကာ လှိုက်ခနဲ ၀မ်းသာသွားရ၏။
မြတ်နိုးရပါသော ကေသာ....
အမောင် ဘေးရန်ကင်းပါသည်။ အိမ်ရှေ့စံ နဲ့ မင်းသားလတ်လဲ ဘေးကင်းစွာ ရှိပါသည်။ မုစလိန္ဒစစ်အင်အားကို ပြန်စုစည်းထားရုံမက မဟာမိတ်နိုင်ငံအချို့ရဲ့ အကူအညီပါ ရပီးသားမို့ မုစလိန္ဒနိုင်ငံသစ်ပြန်ထူထောင်ကာ အိမ်ရှေ့စံ ထီးနန်းဆက်ခံနိုင်အောင် အမောင် အစွမ်းကုန် ကြိုးစားနေပါသည်။
ကေသာ့ စိတ်ကို ပြင်ဆင်ထားစေချင်ပါသည်။ကေသာ့အနားမှာ အမောင့်လူတွေ ရှိနေတာမို့ ကေသာ့သတင်း အမောင် အမြဲသိကြားနေရပါသည်။ ကေသာ အထီးကျန်စရာမလိုအောင် အမောင် အမြန်ကြိုးစားနေပါသည်။ အချိန်တန်သည်နှင့် ကေသာ့ ကို အမောင်လာခေါ်ပါ့မည်။.
ရွေးချယ်စရာမရှိတဲ့ အခြေအနေတစ်ခုမှာ ကေသာ့ကို အမောင် ခွင့်လွှတ်ပါသည်။
ချစ်တဲ့ အမောင်
ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်စတို့က အမောင် နဲ့ အစ်ကိုတော်တို့ ဘေးကင်းတာသိလိုက်ရ၍လား ၊ အစော့အပေါ် နားလည်ပေးနိုင်လွန်းသည့် အမောင့်သဘောထားကို သိရ၍လားပင် သေချာ မသိတော့။ ဘေးမှ မီးတုတ်ကို လှမ်းယူရင်း ပေစာရွက်ကို မီးရှို့ပစ်လိုက်၏။ န၀ မြင်လျှင် ဒုက္ခ ရောက်သွားနိုင်တာ အသေအချာပဲ မဟုတ်လား။