🌷 အပိုင်း - ၄ 🌷အိပ်ယာထက်တွင် မှောက်ခုံမှောက်ထားရင်းမှ တဟင်းဟင်း ညီးညူနေသည့် အရှင့်သားကို ကြည့်ကာ သူ သမားတော်ပေးသည့် ဆေးကို ကမန်းကတန်း ဖျော်ရင်း မျက်ရည်ပင် ကျမိသည်။ ကျောပြင်တစ်ခုလုံး အသားနီလန်ရုံမက စုတ်ပြတ်သတ်ကုန်သည်အထိ အရှိုးရာတွေက အပြည့်။ ပက်လက်ပင် လှန်မအိပ်နိုင်၍ မှောက်ခုံမှောက်အိပ်နေရသည့် အနေအထားမှာ အရှင့်သားအတွက် ဖခင်က ပို့ပေးခဲ့သည်က ဆေးဗူးတစ်ဗူးသာ ရံရွေတော်တစ်ယောက်နှင့် ဖြစ်သလို ထည့်ပေးခဲ့သည်။
" အရှင့်သား....အရှင့်သား ဆေးလူးပေးမယ်နော်။ စပ်လိမ့်မယ်။"
ရာဇသံရ အပြောကို သူ ပြန်မတုံ့ပြန်ပေမယ့် ကျောပြင်က အနာရှိန်တွေကြောင့် တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူနေတဲ့ အပူရှိန်အပြင် နှလုံးသားတစ်ခုလုံး ဒဏ်ရာ က အပြည့်။
" အားးးးးးးးး!!!"
ကျောတပြင်လုံး ရစရာမရှိအောင်ကို စုတ်ပြတ်နေတာမို့ ဆေးလူးသည့် အချိန်မှာ နန်းဆောင်အတွင်း အသံနက်ကြီးက ဟိန်းထွက်သွားရသည်။
" အို! "
နန်းဆောင်ထဲ ၀င်လာသည့် အာရတီ မှာ ကြားလိုက်ရသည့် နာနာကြင်ကြင် အသံကြောင့် ခြေလှမ်းလေးက တုံ့ခနဲပင်။ သူ သူသိပ်ကို နာကြင်နေရှာတယ် ထင်ပါရဲ့။
" ဘာကိစ္စလဲ.... "
နန်းဆောင်စောင့် ရဲမက်၏ အသံကြောင့် ရာဇသံရ အရှင့်သားကို ဆေးလူးပေးနေရာမှ ထွက်လာခဲ့လိုက်သည်။
အတိုင်ပင်ခံအမတ် မဟာဓိ ၏ သမီးဖြစ်သူ အာရတီကို တွေ့လိုက်ရသဖြင့် ရာဇသံရ ရဲမက်ကို လက်ကာပြလိုက်ရင်း....
" အာရတီပါလား.... ကိစ္စအထူးအထွေ ရှိလို့လား။"
" မင်းသားမဟာ သတင်းကြားလို့ပါ ။ သူ.. သူ့ ဒဏ်ရာက အရမ်းများလားဟင်။"
" လာပါ..... အဆောင်ထဲ ၀င်ပါ အာရတီ။"
" ဖြစ်ပါ့မလား။"
ကြောက်ကြောက်လန့်လန့် မေးလာသည့် အာရတီ့ အမေးကြောင့် ရာဇသံရ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ အရှင့်သားက ကင်းကင်းရှင်းရှင်း နေသလို အရှင့်သားရင်ထဲမှာလဲ မြတ်နိုးသူက ရှိပီးသား မဟုတ်လား။