Part - 32
" မိဖုရားခေါင်ကြီး...."
" ......."
" မိဖုရားခေါင်ကြီး.....အိပ်နေပြီလား"
အနောက်ကနေ အစော၏ ခါးကို သိမ်းကြုံးဖက်ထားကာ နေမကောင်းသည်ကို သိသိနှင့် မျိုးစုံအိပ်မရအောင်လိုက်နှောက်ယှက်နေသည့် သူ့ကို အမြင်ကတ်လွန်းတာမို့ အစော တမင်အိပ်ချင်ယောင်ဆောင်နေခြင်းပင်။
" ကိုယ် စစ်ချီရဦးမယ်ထင်တယ်"
" ဟင် !! "
ခုမှ သူ့ဘက် လှည့်ကြည့်လာသည့် ပုံစံလေးက စိုးထိတ်နေသလိုမို့ သူ ပြုံးလိုက်မိသည်။ အစော အရင်ကနဲ့ မတူပါ။ သူ့ အကြည့်တွေကို ရှောင်လာသလို တစ်ခုခုဆို စိုးရိမ်သလို အကြည့်တွေ မြင်နေရတတ်တာမို့ သူ ဝမ်းသာမိတာ အမှန်ပင်။
" ဘာလို့လဲ......ဘုရင်ဖြစ်နေပြီလေ။ စစ်တိုက်ထွက်ရဦးမှာလား။"
အစော၏ အမေးကို ချက်ချင်းပြန်မဖြေပဲ ပါးကို ဖိကပ်နမ်းပြီးမှ....
" ကိုယ် ဘယ်လိုတက်ခဲ့ရသလဲ။ ကိုယ် ဘာတွေနဲ့ ရင်းပြီး ဒီထီးနန်းကို ယူခဲ့ရသလဲ အစောသိပါတယ်။"
သူ့ စကားကြောင့် အစော သက်ပြင်းချမိရင်း ပူပန်မှုက တစ်ခုနှစ်ခုမက။ သူ အာဏာမက်သွားမှာ အစောကြောက်သည်။ သူ့ အသိစိတ်တွေကို မောဟဖုံးသွားမှာ စိုးရိမ်သည်။
" အစောတို့ တစ်နေရာရာမှာ ဇာတ်မြုပ်ပြီး အေးအေးလူလူ နေရအောင်နော်။ အစော ဘာမှ မမက်ဘူး။ အစော ကို ချစ်တယ်ဆိုရင် အကုန်စွန့်လွှတ်ခဲ့ပါလား။"
နဝဧကရာဇ် အစော၏ စကားကြောင့် ခေတ္တမင်တက်သွားရင်း ခပ်ယဲ့ယဲ့ ပြုံးမိသွားသည်။ လုံလောက်ပါသည်လေ.....အစော သူ့အပေါ်မှာ ဒီမျှအထိ တွေးပေးခြင်းကိုပင် သူ ကျေးဇူးတင်သည်။
" ပြန်နောက်ဆုတ်လို့မရတော့ဘူး အစော။ ကိုယ် အစောကို အမြဲ ကာကွယ်ပေးမှာပါ။"
သူ့ ရင်ခွင်ထဲတိုးဝင်ကာ ငိုရှိုက်လာသည့် အစောကိုယ်လေးကို ထွေးဖက်ထားရင်း ခမည်းတော် သူ့လက်ထဲတွင် ဆုံးပါးခဲ့ရသည်ကို ပြန်မြင်ယောင်လာမိသည်။ သူဟာ အဖသတ်သားဆိုသည့် အဖြစ်က ဘယ်လိုမှ ကွယ်ပျောက်နိုင်မည် မဟုတ်။