🌷 အပိုင်း - ၁၃ 🌷စပ်ခွန်မှိုင်း သစ်ပင်ပေါ်မှနေ၍ လှမ်းမြင်နေရသည့် စစ်ကြောင်းကို ကြည့်ရင်း မြင်နေရတဲ့ ဝေါယာဉ် ကြောင့် အထဲမှာ ကေသာရှိမယ်မှန်း ကျိန်းသေသိသည်။ ညကလဲ မင်းသားတစ်ပါးသာ ပြန်ရောက်လာပီး ကျန်တဲ့အခြေအနေတွေကို ပြန်ပြောပြတာမို့ သူ့မှာ ရင်တွေပူရလွန်းလို့ အပြေးပင်လှမ်းသွားချင်ပေမယ့် ဘယ်လိုမှ အခြေအနေက မသင့်။ သူ့ နောက်တွင် အိမ်ရှေ့စံကော ထွက်ပြေးလာသည့် ပြည်သူတွေ ၏ အသက်အိုးအိမ်က ရှိသေးသည်။
အစော ဝေါယာဉ် ပေါ်တွင် ထိုင်နေရင်းမှ မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် န၀မင်းသားကြောင့် မျက်နှာထားက တည်တင်းနေရသည်။ ဒီလူ့ မျက်နှာမြင်တိုင်း အစောခမည်းတော်၏ အကျည်းတန်လှသော သေဆုံးခြင်းကို မျက်စိထဲ ပြန်မြင်ယောင်လာတာမို့ သူ့ကို တူးခါးနေအောင် အစောမုန်းသည်။
န၀ တည်တင်းနေတဲ့ မျက်နှာလေးကို ငေးကြည့်နေရင်း ဘာပြောပီး နှစ်သိမ့်ရမှန်း မသိသလို တစ်လမ်းလုံး ဝေါယာဉ် ထဲ နှစ်ယောက်သား အသံတိတ်နေကြသည့် အဖြစ်။ သီရိသိင်္ဂဟ မရောက်ခင် ပြောပြစရာရှိတာ ပြောပြရမည်မို့...
" အစော.... ကိုယ် အစောကို ဖမ်းခေါ်လာတာ မဟုတ်ဘူးနော်။"
" ကျွန်မ ဆန္ဒမပါပဲ ခေါ်တာ ဖမ်းခေါ်တာ မဟုတ်လို့ ဘာဖြစ်ဦးမှာလဲ။"
သူ့ကို လှည့်မကြည့်ပေမယ့် စကားပြောက ပြတ်သည်။ အရင် ချိုသာလွန်းသည့် အသံလေးကလဲ မာတင်းနေတာမို့ သူ စိတ်မချမ်းသာစွာ ခေါင်းကိုခါယမ်းမိသည်။
" ကိုယ် အစောကို ကိုယ့်ကြင်ယာအဖြစ် ခေါ်လာတာပါ အစော။"
" ဘာ! "
ကြားလိုက်ရတဲ့ စကားကြောင့် အစော ထိတ်လန့်တကြီး န၀မင်းသားကို ကြည့်လိုက်မိသည်။ အစောက အစောဖခင်ကို မျက်စိရှေ့တင် ရက်ရက်စက်စက် သတ်ထားသည့် သူ့အား ပုံအပ်ခစားရမည်တဲ့လား။
" ဟုတ်တယ်..... အစောဟာ ကိုယ့်ကြင်ယာပဲ ။ ကိုယ် သူ့ရှင်ဆီမှာ ခွင့်ပြုချက်ယူပီးပီ။ အရာအားလုံးကို ကိုယ် အစောအတွက်ပဲ လုပ်ခဲ့တာ။"