🌷 အပိုင်း - ၂၉ 🌷နန်းတော်တံခါးဝရောက်သည်နှင့် မြင်းပေါ်က ခုန်ဆင်းလိုက်သည့် စောကေသာ။ အစောကိုမြင်ပြီး အနားရောက်လာသည့် ရာဇသံရ နှင့် ရာဇသံရ နောက်တွင် လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် မိဖုရားခေါင်ကြီး နန္ဒီ။
" သူ... သူရော... န၀ ဘယ်မှာလဲ။"
" အရှင့်သားက ဘုရင့်နန်းဆောင်ဆီ သွားပါပြီ။ အိမ်ရှေ့စံနန္ဒရ လဲ အဲ့နန်းဆောင်မှာပဲ ရှိတယ် သခင်မလေး။"
ထိတ်ခနဲ ရင်ပူသွားရသလို သားအဖချင်း ထိပ်တိုက်မတွေ့စေချင်ပါ။ ပြီးတော့ သူ့ နာကြင်မှု နဲ့ နာကြည်းကြေကွဲမှူတွေကို အစော ကောင်းကောင်း သိထားတာမို့ စိတ်လိုက်မာန်ပါဖြင့် အမှားလုပ်မိရင် ပြန်ပြင်လို့ရမှာ မဟုတ်။
ပြီးတော့ အဖေကို နန်းချပြီး အတင်းနန်းလုတဲ့ သားအဖြစ်မှာ သူ့ကို ပြည်သူပြည်သားတွေက ကြည်ဖြူကြမည်တဲ့လား။ ကမန်းကတန်း ဘုရင့်နန်းဆောင်ဘက် အပြေးတပိုင်းလာခဲ့ရင်း အဆက်မပြတ် ဆုတောင်း မိသည်က မဖြစ်သင့်တာ မဖြစ်ပါစေနဲ့။
မင်းခေါင်ထွဋ်တင်ဘုရင် ပလ္လင်ထက်ထိုင်နေရင်းမှ သူ့ဘေး မလှမ်းမကမ်းတွင် ဓားကိုင်ကာ ရပ်စောင့်နေသည့် အိမ်ရှေ့စံကို လှမ်းကြည့်မိသည်။ နောက်ဆုံးတော့.... သူ အချစ်ရဆုံး သားတော်ဟာ သူ့ကို ပုန်ကန်သည့်နေ့သို့ ရောက်လာခဲ့ချေပြီ။
" သားငယ်ကို အဌာရသ ပညာတွေအကုန် ညီတော်ကိုယ်တိုင်ပဲ သေချာသင်ကြားပေးပါ။"
" စောကေသာကို သားငယ်က သိပ်ချစ်တာ။ သားတော်ကြီး မကျေနပ်တာ သိပေမယ့် သားငယ်ကို ပိုင်ဆိုင်စေချင်တယ်။"
" မိဖုရားခေါင်ကြီး က သားငယ် အချူပ်ကျနေပေမယ့် ကျုပ်မသတ်နိုင်ဘူးဆိုတာ သိလို့ လူသတ်သမားလွှတ်မှာပဲ။ အချူပ်ခန်း ကို အစောင့်တွေ သေချာချထားပါ ညီတော်။ သားငယ် မသိပါစေနဲ့။"
" ကျူပ် သားငယ်လေး.... သားငယ် မရှိတော့ဘူးတဲ့ ညီတော်။ ကျူပ်မှာ ကိုယ့်သားတစ်ယောက်လုံး သေတာတောင် မျက်ရည်မကျနိုင်တဲ့ ဘ၀။ တသက်လုံး ကျုပ် မေတ္တာ ကို မရခဲ့တဲ့ သားငယ်။ ကျုပ်ကိုယ်ကျုပ် ခွင့်မလွှတ်နိုင်ဘူး။"