🌷 အပိုင်း - ၁၁ 🌷
မယ့်ဇီ့ လက်ထဲကိုင်ထားသည့် ငွေဖလားထဲ၌ အမွှေးနံ့သာရည်စိမ်ထားသည့် စံပယ်ပန်းကုံးက တင့်တယ်လှပလွန်းတာ အစောကိုယ်တိုင် ခူးဆွတ်သီကုံးခဲ့တာကြောင့် ပိုလှသယောင် စိတ်ကထင်မိသေးသည်။ မုစလိန္ဒ၏ စစ်သည်တို့ အပြန်ခရီးက အောင်လံတလူလူဖြင့်ပင်မို့ တတိုင်းပြည်လုံး ၀မ်းသာအားရ သောင်းသောင်းဖျဖျပင်။
စစ်သည်တွေ နန်းတော်မုခ်၀ ရောက်သည်နှင့် မြင်းညိုကြီးစီးလျက် ဦးဆောင်လာသည့် အစောရဲ့ အမောင်က ကြည့်လို့ကောင်းလိုက်တာ။ စော်ဘွားမျိုးမို့ အသားဖြူပေမယ့် ဖြူနွဲ့နွဲ့တော့ မဟုတ်ပဲ တကယ့် သတ္တိအပြည့်ဖြင့် ယောက်ျားပီသလွန်းသူပင်။
စပ်ခွန်မှိုင်း မြင်းပေါ်မှ ဆင်းလိုက်ရင်း တပ်မကို ဆက်သွားရန် အမိန့်ပေးကာ ကေသာ့ဆီ တန်းတန်းမတ်မတ် လျှောက်လာခဲ့၏။ ချစ်ရသူကို ဆီးကြိုမြင်လိုက်ရတော့ ပင်ပန်းနွမ်းလျမှူတို့ က အကုန်ပြေပျောက်ကုန်၏။
" ကေသာ..... ။"
အစော ပြုံးလိုက်မိရင်းမှ မယ်ဇီ့လက်ထဲ ကိုင်ပေးထားသည့် ငွေဖလားထဲက စံပယ်ပန်းကုံးကို ယူကာ အမောင့်လည်တိုင်တွင် ဆွဲပေးလိုက်သည်မှာ အောင်ပွဲရ စစ်သူကြီးမို့ ကြိုဆိုခြင်းပင်။
" ကျေးဇူးတင်ပါတယ် ကေသာ.... ။"
" အမောင့်ကိုလဲ အစော နဲ့ မုစလိန္ဒတိုင်းပြည်က ကျေးဇူးတင်ပါတယ်။"
စပ်ခွန်မှိုင်း ပြုံးလိုက်မိရင်းမှ သူ့ ခါးကြားတွင် ထိုးထားသည့် ပုလဲဆံထိုးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
" ကိုယ် ကေသာ့အတွက် လက်ဆောင် ၀ယ်လာတာ ။ နယ်စပ်က ပုလဲပေါတယ်လေ။"
အစော ကို သတိတရ ရှိသည့် စိတ်ကြောင့် ကြည်နူးစွာ ပြုံးမိရင်း အမောင့်လက်ထဲက ပုလဲဆံထိုးကို ကြည့်လိုက်မိသည်။ ပုလဲဖြူ ငါးလုံးကို စီတန်းထားသည့် ဆံထိုးချွန်ချွန်လေးက ရိုးရှင်းစွာ လှပနေသည်။
" အစော မယူချင်ဘူး အမောင်။"
မယူချင်ဘူးဆိုတဲ့ စကားကြောင့် စပ်ခွန်မှိုင်း မျက်နှာပျက်ကျသွားရကာ ၀မ်းနည်း အားငယ်သွားရသည်။ ဟုတ်သားပဲ.... သူ ဈေးထဲက တန်ဖိုးကြီးပေး၀ယ်လာတဲ့ ဆံထိုးထက် အဆများစွာသာတဲ့ တန်ဖိုးကြီး ဆံထိုးပေါင်းများစွာ ရှိသည်ကို သူ မေ့လျော့သွားမိသည်။ ကေသာက ဘုရင့်သမီးတော် သူက အညတရ စစ်သူကြီးတစ်ယောက်သာသာပင် မဟုတ်လား။ ကမ်းပေးထားသည့် လက်ကို ပြန်ရုတ်လိုက်ပေမယ့် ဖျတ်ခနဲ သူ့လက်ကောက်၀တ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာသည့် လက်ဖဝါး နုနုကြောင့် သူ အံ့ဩတကြီး မော်ကြည့်လိုက်မိသည်။ နားမလည်နိုင်စွာပင် သူ့ကို ပြုံး၍ ကြည့်နေသည့် ကေသာ... ။
