Part - 35
" အရှင်မင်းကြီး ကြွချီလာတယ်...."
" ဟင်! ! "
အာရတီ တအံ့တသြ ဖြစ်သွားရင်းမှ ဝမ်းသာအားရ အပြေးလေး ထွက်ကြိုမိသည်။ သေနာပတိ ရာဇသံရ နဲ့ အတူ တလွှားလွှား နန်းဆောင်ထဲ ဝင်လာသည့် မောင်တော့် ပုံစံက တစ်ခုခုကို အလိုမကျသလိုပင်။
" မောင်တော်.... "
" ကိုယ်တော့် ကို သေရည်ပွဲ ပြင်ပေးပါ။ "
အာရတီ ဘေးမှ ကြာရိပ် ကို လှမ်းကြည့်ကာ သေရည်စားပွဲကို အမြန်ပြင်ဆင်ခိုင်းရင်းမှ သလွန် ပေါ် ထိုင်နေသည့် မောင်တော့် နား ဝင်ထိုင်မိသည်။ ကြည့်ရတာ စောကေသာ နဲ့ စကားများလာပုံပေမယ့် ရောက်လာတာပဲ ကျေးဇူးတင်ရလိမ့်မည်။
" စိတ်ညစ်စရာ ရှိနေတာလား မောင်တော် ။ "
" အာရတီ့ နန်းဆောင် မှာ ခုတလော လူစိမ်းတွေ ဝင်ထွက်တယ်ဆို။ "
အာရတီ နတ်ဆရာမကို ပြေးမြင်မိသွားကာ ပျက်ယွင်းသွားရသည့် မျက်နှာကို မနည်း ဟန်ဆောင်ထိန်းထားရသည်။ ဧကန္တ ဒါဟာ လာစုံစမ်းတာလား တွေးမိရင်း မောင်တော့်မျက်နှာကို လှမ်းကြည့်မိသည်။
" နယ်ဝေးက ဆွေမျိုးတွေပါ မောင်တော်။ "
" ကောင်းပါပြီ။ ဒါနဲ့ အာရတီ့ ဖခင်ကို ရာထူးက အနားပေးရင် ကောင်းမလား။ "
ချက်ချင်း အလိုမကျ ဖြစ်သွားရသည့် အာရတီ့ မျက်နှာကို ကြည့်ပြီး ရာဇသံရ အကဲခတ်နေမိသည်။ အာရတီ့ဖခင်က မြို့တော်ဝန်ရာထူး ရလာပြီး နောက်ပိုင်း အင်အားတောင့်လာသလို အရှင့်သားကို သမီး ဖြင့် ချုပ်ကိုင်နိုင်ခြင်း မရှိတော့ မိဖုရားခေါင်ကြီးကို တစ်ခုခု ဒုက္ခ ပေးမှာကို အရှင့်သား စိုးရိမ်ပုံရသည်။
" အသက်လဲ ရပြီမို့ နားပါစေ ။ ကိုယ်တော် မနက်ဖန် ညီလာခံမှာ ပြောလိုက်မယ်။ ကိုယ်တော် သွားတော့မယ်။ "
" နေပါဦး မောင်တော်......ဒီညတော့ အာရတီ မောင်တော့် ကို....".
နဝဧကရာဇ် မျက်နှာငယ်လေးဖြင့် သူ့လက်ကို လှမ်းဆွဲထားသည့် အာရတီ့ကို တစ်ချက် ကြည့်မိသည်။ အစောကို မြင်ယောင်မိသွားရင်းမှ နာနာကြင်ကြင် ပြုံးမိပြန်ရသည်။