Part - 31
အကျဥ်းထောင်ထဲမှာ နှိပ်စက်ခံထားရသည့် မယ်ဇီကို သမားတော် ခေါ် ကာ ဆေးကုပေးထားသည်မို့ အစော ဘေးကနေ စောင့်ပေးနေရင်း စိတ်မကောင်းစွာ ကြည့်နေမိသည်။ အစောကိုက အမောင်ကယ်ထုတ်သွားပေမယ့် မယ်ဇီက အိမ်ရှေ့စံနန္ဒရ လက်ထဲ အဖမ်းခံလိုက်ရရင်း ခုလို အဖြစ်ဆိုးရခြင်းပင်။
" သခင်မလေး...."
အိပ်ရေးဝသွားဟန်ဖြင့် လှဲအိပ်နေရာမှ ထထိုင်ရန်ကြိုးပမ်းလာသည့် မယ်ဇီ့ကြောင့် အစော ပြန်လှဲခိုင်းကာ ပိန်ကျသွားသည့် လက်အစုံကို အားပေးဆုပ်ကိုင်လိုက်သည်။
" အစော တောင်းပန်ပါတယ်....ပိုပြီး မြန်မြန်လာကယ်ရမှာ။ "
မယ်ဇီ ခေါင်းကိုခါယမ်းလိုက်ရင်းမှ နာကြင်ရိပ်သမ်းနေသည့် သခင်မလေး မျက်ဝန်းအစုံကို ငေးကြည့်ရင်း ရင်ထဲထိခိုက်ရသည်။ မင်းသားက မိဖုရားငယ်တစ်ယောက်မြှောက်လိုက်တာ ကြားသလို အတူနန်းတက်ခဲ့ရသည့် အဖြစ်မှာ သခင်မလေး၏ နှလုံးသားသည် အဘယ်မျှ နာကြင်ရှာလိမ့်မလဲ ။
" သခင်မလေး.... အရမ်းနာကြင်ခဲ့ရမှာပေါ့နော်။ အနားမှာ ရှိမနေပေးနိုင်ခဲ့တာ တောင်းပန်ပါတယ်။ "
မယ်ဇီ့ အပြောကို ခပ်ဖျော့ဖျော့ ပြန်ပြုံးပြရင်းမှ ခေါင်းခါယမ်းမိသည်မှာ အားအင်ချိနဲ့စွာ။ အစော သေမတတ်နာကြင်ခံစားခဲ့ရတာပါ။ ဒါပေမယ့် အစော သူ့ကို မမုန်းနိုင်ပြန်။
" သခင်မလေး.... သခင်မလေး ကိုယ်ဝန်ကိစ္စ မင်းသား....အဲလေ အရှင်မင်းကြီး ကို ပြောပြီးပြီလား။ "
အစော ခေါင်းလေးကို ခါယမ်းပစ်လိုက်ရင်းမှ. ....
" အစော သူ့ကို ပြောမပြတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ မယ်ဇီလဲ မပြောပါနဲ့။ "
မယ်ဇီ မချိတင်ကဲ ငေးမောကြည့်ရင်းမှ သခင်မလေး၏ ရင်ထဲက နာကြင်မှူကို မြင်နေရသဖြင့် အလွန်အမင်း စိတ်ထိခိုက်ရသည်။ အနည်းငယ်ပိန်ကျသွားသည့် သခင်မလေး မျက်နှာကို ငေးကြည့်ရင်း သက်ပြင်းယဲ့ယဲ့ချမိသလို မင်းသား၏ နာကြင်ခါးသီးမှုတို့ကိုလဲ နားလည်သည်။ သို့သော်.......သခင်မလေး အပေါ် အချစ်နိုင်ဆုံး ယောကျာ်း ဟာ မင်းသားပဲ ရှိသည်။