"15"

32.9K 2.5K 53
                                    

Unicode

လူစည်ကားလှသော လေလံပွဲတစ်ခု။

အများစုက စီးပွားရေးနယ်ပယ်မှ နာမည်ကြီးလှသော ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ။ တန်းစီကာ ချထားသော အရည်အသွေးမြင့်ဖိုင်ဘာခုံများနှင့် ခမ်းနားလှသော နေရာအပြင်အဆင်တို့ကြောင့် လေလံပွဲက လိုအပ်သည်ထက် ထည်ဝါလွန်းလှပေ၏။

"ကျွီ"

"ဝုန်း ခွမ်း"

စောင့်ဆိုင်းနေကြသော လူအုပ်ကြီးကြားထဲ အသံပေါင်းစုံဖြင့် ဝုန်းဒိုင်းကြဲကာ ဝင်လာသူကြောင့် လူအများ၏ မျက်နှာထက်၌ မနှစ်မြို့ဟန်များ တရိပ်ရိပ်ဖြတ်ပြေးသွားသည်။

ပြေးကြည့်စရာပင်မလို။ စီးပွားဘက်ပါတနာများအပေါ်တွင် လူလည်ကျရာ၌ သတင်းမွှေးလှသော ကျောက်သူဌေးဦးစိန်လုံ၏ ဆိုးသွမ်းလှသော သားတော်မောင်ကလေးပင် ဖြစ်ပါလိမ့်မည်။

"ယဥ်ကျေးမှုမရှိလိုက်တာ"

"သူ့အဖေအတိုင်းပဲ"

အသံတွေက နှစ်ကိုယ်ကြားရုံမျှသာ။ ပြည့်စုံချမ်းသာလွန်းတော့လည်း မည်သူကမှ ပေါ်တင်ရန်မစရဲ။

သိပ်မကြာသောအချိန်တွင် လေလံပွဲကို စတင်၍ မြေကွက်များကို လေလံဈေးစခေါ်သည်။ လေလံတင်ထားသည့် မြေကွက်များမှာ စုစုပေါင်း အကွက်၂၀ခန့်ဖြစ်ပြီး အားလုံးက နေရာကောင်းချည်းများသာ။ လူအများ၏ အဓိကဦးတည်ရာဖြစ်သော နာမည်ကြီးမြေကွက်များကိုမူ နောက်ဆုံးတွင်မှ ဈေးခေါ်မည်ဖြစ်ပေသည်။

ပထမဆုံးမြေကွက်က လျှင်မြန်စွာပင် ရောင်းထွက်သွားသည်။ ထို့နောက် ဒုတိယ၊ တတိယ။

စတုတ္ထမြောက်မြေကွက်အလှည့်ရောက်တော့ ဝယ်သူအချို့က ခေါင်းထောင်လာသည်။ သို့သော် အရမ်းတော့မများ။ မျက်စိကျလောက်စရာနေရာတစ်ခုဖြစ်သော်လည်း လူနေထူထပ်များပြားသော ဗဟိုချက်နေရာကောင်းတစ်ခုတော့မဟုတ်။

"ဒီမြေကွက်ကို သန်း၁၀၀ကနေ စတင်ပြီး ဈေးခေါ်နိုင်ပါပြီ"

ရှေ့ဆုံးတွင်ရှိနေသော လေလံပွဲကိုဦးဆောင်သူ၏ စကားသံအဆုံးတွင် ဆိုင်းဘုတ်အသေးလေးများကို ကိုင်မြှောက်လာသူအချို့ကို တွေ့ရသည်။

GreenHead {ခေါင်းစိမ်း}जहाँ कहानियाँ रहती हैं। अभी खोजें