Unicode
လှေကားပေါ်မှဆင်းလာသည့် ကိုကြီးဆန်းနိုကိုမြင်လိုက်ရသည်နှင့် ဂနာမငြိမ်ဖြစ်နေသောခန္ဓာကိုယ်က ချက်ချင်းမတ်တတ်ထရပ်သည်။
"ကိုကြီး....ရှင်းနို"
အနီးသို့ရောက်လာသောကိုကြီးက လှုပ်လှုပ်ရှားရှားဖြစ်နေသည့်သူ့ကိုမြင်တော့ ခပ်နွမ်းနွမ်းပြုံးပြ၍ ပခုံးကိုတစ်ချက်နှစ်ချက်ပုတ်ကာ ဆိုဖာပေါ်ဝင်ထိုင်၏။
"အဆင်ပြေသွားပါပြီ..ရက်နည်းနည်းလောက်တော့ ထပ်အနားယူရလိမ့်မယ်ပြောတယ်..အရမ်းဆိုးဆိုးဝါးဝါးကြီးဖြစ်မသွားလို့ တော်သေးတာပေါ့"
ယခုမှစိတ်သက်သာရာရသွားသောခန္ဓာကိုယ်က ဆိုဖာပေါ်ဝုန်းခနဲပြန်ကျသွားသည်။ ကိုကြီးကတော့ ဒူးခေါင်းပေါ်လက်နှစ်ဖက်ယှက်တင်ကာ ကိုယ်ကိုခပ်ကိုင်းကိုင်းထိုင်နေရင်းမှ စားပွဲပေါ်က အလှပန်းအိုးကို မမှိတ်မသုန်ကြည့်လျက် အချိန်အကြာကြီးတိတ်ဆိတ်နေ၏။
"ဒါကို ဘယ်သူလုပ်တာလဲ..မင်းခန့်မှန်းမိတဲ့သူများရှိလား"
ကိုကြီးက သူ့ထံ အကြည့်ရွှေ့လာသည်။
"ကိုကြီးစိတ်မရှိဘူးဆိုရင် အဲဒီကိစ္စကို ကျွန်တော့်တာဝန်သာထားလိုက်ပါ"
လေးလေးနက်နက်ဆိုလိုက်တော့ သက်ပြင်းဖွဖွချရင်း ခေါင်းကိုညိတ်သည်။
"ညီဘုန်းသာဆို ကိုကြီးစိတ်ချပါတယ်..တစ်ခုပဲ..အလွန်အကျွံတော့ မဖြစ်စေနဲ့ပေါ့ကွာ..တော်ကြာ တစ်မှုကနေ နှစ်မှုဖြစ်လာနေမှာစိုးလို့..ရှင်းနိုအတွက်လည်း မကောင်းဘူးမို့လား"
ပြုံးရုံသာပြုံးပြလိုက်ပြီး ဘာမှပြန်မပြောဖြစ်လိုက်။ မျက်နှာတည်ကြီးဖြင့်ရှိနေသောကိုကြီးက ခဏကြာတော့ တစ်စုံတစ်ခုကိုတွေးမိသွားဟန်ဖြင့် ပြုံးစိစိကြီးဖြစ်လာကာ..
"ဒါနဲ့ ငါတို့ရှင်းနိုက အတော်လေးစွံသားပဲနော်..မိန်းကလေးက ဘယ်လောက်တောင်စွဲလမ်းနေလို့ ဒီလိုဆေးခပ်ပြီးတောင် အပိုင်ကြံရသလဲမသိဘူး..အေးပေါ့လေ ငါ့ညီပဲဟာ.."
နှစ်ယောက်စလုံး ဟက်ခနဲရယ်မိလိုက်ကြသည်။
"ဒါနဲ့ ညီဘုန်းကရော ဘယ်လိုလုပ်ပြီး ရှင်းနိုဆီ ရောက်သွားတာလဲ"