"38"

27.5K 2.2K 267
                                    

Unicode

မိုရှင်းနိုတို့အိမ်၏ ဧည့်ခန်းအတွင်းတွင် လူခြောက်ယောက်က ငြိမ်သက်စွာထိုင်နေကြသည်။ လူတိုင်းကိုယ်စီက ကိုယ့်အတွေးနှင့်ကိုယ် အသီးသီး တိတ်ဆိတ်စွာ။ ခဏကြာတော့ ထိပ်ဆုံးက ဆက်တီခုံကြီးပေါ်တွင် ဝံ့ဝံ့ထည်ထည်ထိုင်နေကြသည့် လူကြီးနှစ်ယောက်အနက် တစ်ယောက်က စကားစ,လိုက်သည်။

"သားဘုန်း"

မိုရှင်းနို၏အနီးတွင် ဆိတ်ငြိမ်စွာထိုင်နေသော ဘုန်းတည်၏အကြည့်တို့က ဦးဆက်မိုထံ တလေးတစားကျရောက်သွားသည်။

"ဟုတ်ကဲ့"

"သားအကြောင်းကိုတော့ ဘာမှထွေထွေထူးထူးမေးစရာမရှိပါဘူး..မင်းအဖေကလည်း ဦးလေးနဲ့ နှစ်ပေါင်းများစွာခင်မင်ရင်းနှီးလာခဲ့တဲ့ သူငယ်ချင်း..သားကလည်း ရှင်းနိုနဲ့ ငယ်လေးကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့တဲ့ အရင်းနှီးဆုံးသူငယ်ချင်း..ဒီတော့ ဦးလေးဘာမှရှည်ရှည်ဝေးဝေး မပြောတော့ဘူး..တစ်ခုပဲ"

နောက်ဆုံးစကားလုံးကြောင့် ဘေးနားက တစ်ချက်လှုပ်ခတ်သွားသောကိုယ်ငယ်လေးကိုသတိထားမိစွာ မိုရှင်းနို၏လက်ချောင်းကလေးများက ဘုန်းတည်၏လက်ဖဝါးပြင်ကျယ်ကြီးထဲ နှစ်မြုပ်သွားသည်။

"သား ရှင်းနိုရဲ့လက်ကို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဆွဲမဖြုတ်ပါဘူးလို့ ဦးလေးကို ကတိပေးနိုင်မလား"

ဘုန်းတည်က အလေးအနက်နားထောင်နေရင်းမှ ခေါင်းကိုဖြည်းညင်းစွာခါလိုက်သည်။

"ကျွန်တော်ကတိမပေးနိုင်ပါဘူး"

ဧည့်ခန်းတစ်ခုလုံးရှိ လူအားလုံးက အံ့သြမှုကြောင့် အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်သွားသည်။

"ကျွန်တော်အတင်းဆက်တွဲထားလို့ သူ့အတွက်လုံးဝအဆင်မပြေတော့တဲ့အချိန်မျိုး ရောက်လာတဲ့တစ်နေ့ကျရင် ဒီကတိစကားတစ်ခွန်းအတွက်ကြောင့်နဲ့ ကျွန်တော် ရှင်းနိုကို မစတေးပစ်လိုက်နိုင်ဘူး"

မိုရှင်းနိုက ခေါင်းလေးငုံ့သွားပြီး ဦးဆက်မိုက တဖြည်းဖြည်းပြုံးလာ၏။ စိတ်ချသွားသလိုအကြည့်က ဖခင်တစ်ဦး၏ စိုးရိမ်ကြောင့်ကြနေသော မျက်ဝန်းများထဲတွင် တရွေ့ရွေ့နေရာယူသွားကြသည်။ ဘေးနားတွင်ထိုင်နေသော ဘုန်းတည်၏ဖခင် ဦးကောင်းဇေယျာဘုန်းကလည်း သူ့သား၏အဖြေစကားကို ကျေနပ်နှစ်သက်ဟန်ဖြင့် ခေါင်းတညိတ်ညိတ်။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now