Unicode
"ရှင်းနို"
နံဘေးနားတွင် စွေ့ခနဲဝင်ထိုင်လိုက်သည့် ကိုကြီးဆန်းနိုကြောင့် ကြည့်လက်စlaptop screenကို ခပ်မြန်မြန်ပင် ပိတ်ချလိုက်သည်။
"ဘာလဲ ဘာကြည့်နေလို့ ချက်ချင်းပိတ်ချလိုက်တာလဲ"
စူးစူးစမ်းစမ်းကြည့်လာတဲ့ ကိုကြီးမျက်ဝန်းတွေမှာ မသင်္ကာဟန်အပြည့်။
"ဘာမှမဟုတ်ဘူး ဒီတိုင်းလျှောက်ကြည့်နေတာ"
ရွှီးရွှမ်းပြီးဖြေလိုက်တော့ မကျေမနပ်ဖြင့် ခေါင်းညိတ်သည်။
"ထားပါ အခုတော့ ဒီပုံလေးကို ကြည့်ကြည့်စမ်း..သူ မလှဘူးလား"
ဖုန်းscreenထက်တွင်ပေါ်နေသည့် မိန်းကလေးက ယဥ်စစနှင့် မဟာဆန်သည့်အလှ။ ပုံကိုကြည့်ရင်း မမြရိပ်ကိုပင် အမှတ်မထင်သတိရသွားသည်။
"အင်း လှပါတယ်..ဒါနဲ့ ဘာလို့လာပြတာလဲ"
"ငါမဟုတ်ဘူးကွ..အဖေပြခိုင်းတာ"
မျက်ခုံးတွေကိုတွန့်လိုက်မိတော့ ကိုကြီးဆန်းနိုက ပြုံးစိစိနှင့် အနားပိုကပ်လာသည်။
"အဖေက သေချာလေးရှာပေးထားတာကွ..မင်းက အဲလိုပုံစံမျိုးလေးကြိုက်မယ်ထင်လို့တဲ့..ကြည့်စမ်းပါဦး မင်းအရင်ကကောင်မလေးပုံစံနဲ့ မတူဘူးလား"
"တူတော့ရောဘာဖြစ်လဲကိုကြီးရာ"
"ဟ..တူတော့ ဘာဖြစ်ရမလဲ မင်းမကြိုက်ဘူးလား"
"တော်ပါပြီကိုကြီးရာ..ကျွန်တော့်ဘာသာ အေးဆေးနေပါရစေ"
"မရဘူး"
ယတိပြတ်ငြင်းဆိုသံက ကိုကြီးထံမှမဟုတ်။ လှေကားပေါ်ကနေ ခပ်ဖြည်းဖြည်းချင်းဆင်းလာသော မွေးသဖခင်ထံမှ အတိအကျဖြစ်သည်။
"အရင်ရည်းစားကို ဘယ်အချိန်ထိ လွမ်းဆွတ်တမ်းတနေဦးမှာလဲသားငယ်..ဟိုကဖြင့် မင်းနဲ့ပြတ်သွားလို့ နောက်တစ်ယောက်တောင် ရနေလောက်ပြီ..မင်းက ခုထိအသည်းကွဲလို့ကောင်းတုန်း"
အဖေဖြစ်သူ၏ အားနှင့်မာန်နှင့် ခပ်တင်းတင်းဆိုလာသောစကားအောက် ကုပ်ကုပ်ကလေးသာ နေလိုက်ရသည်။ အဖြစ်မှန်ကို ဖွင့်ပြောလိုက်လို့ကလည်း မဖြစ်သေး။ အသည်းအသန်ငြင်းနေပြန်လျှင်လည်း မယုံသင်္ကာတွေဖြစ်ကာ သူ့နောက်ကို stalkerတွေဘာတွေလွှတ်ပြီးလိုက်စုံစမ်းခိုင်းနေရင် ဒုက္ခ။