Unicod
လူနာများ စောင့်ဆိုင်းရန်အတွက် ပြုလုပ်ထားသော ခုံတန်းလျားရှည်ကြီးပေါ်တွင် ငြိမ်သက်စွာထိုင်နေကြသောလူနှစ်ယောက်။ ဆေးကောင်တာမှ ကောင်မလေးနှစ်ယောက်သည်လည်းမရှိ။ စောင့်ဆိုင်းနေကြသော လူနာများလည်းမရှိ။ သူတို့နှစ်ဦးတည်းသာ။
"မင်းဘယ်လိုသိတာလဲ"
မိုရှင်းနိုထံမှ ခက်ခက်ခဲခဲထွက်လာသည့် အသံခပ်တိုးတိုး။
"ငါအဲဒီနေ့က မြင်လိုက်တယ်"
သိလိုစိတ်ကြောင့် မိုရှင်းနို၏ အားနည်းဖျော့တော့နေသောအကြည့်များက ဟန်နှိုင်းမျက်နှာဆီ စူးစူးစိုက်စိုက်ကျရောက်သွားသည်။
"သူမင်းကိုကြည့်နေတဲ့ မျက်လုံးတွေကို"
ဟန်နှိုင်းက ပြောရင်းပြုံးသည်။
"အကြည့်လေးတစ်ချက်နဲ့ဆိုပြီး မင်းထူးဆန်းနေတယ်မလား..ဒါပေမဲ့ အဲဒီအကြည့်တစ်ချက်မှာတင် ငါသိလိုက်တယ်...သူမင်းအပေါ်ထားတဲ့မေတ္တာက သူငယ်ချင်းဆိုတာထက် အများကြီးပိုနေတယ်ဆိုတာကိုပေါ့"
မိုရှင်းနိုက နေရခက်ဟန်ဖြင့် မျက်နှာလွှဲသွားသည်။ ဟန်နှိုင်းအကြည့်တွေကတော့ မိုရှင်းနိုမျက်နှာထက်တွင်သာ စူးစူးစမ်းစမ်း။
"မင်းလည်း သူ့ကိုချစ်နေတယ်မလား"
မိုရှင်းနိုကိုယ်လေးက ဆတ်ခနဲတုန်သွားသည်။ သွေးအားနည်းနေသောမျက်နှာက ပို၍ပင်ဖြူဖျော့သွားသယောင်။
"မင်းဘာတွေပြောနေတာလဲ..သူနဲ့ငါက ငယ်လေးကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေပဲဟာ"
"အဲဒါဆို မင်းကဘာလို့ သူတခြားတစ်ယောက်နဲ့ရှိနေတာမြင်တိုင်း ဝမ်းနည်းနေရတာလဲ"
မိုရှင်းနိုက ခြောက်ကပ်နေသော အောက်နှုတ်ခမ်းလေးကို သွားဖြင့်ဖိကိုက်လိုက်ရင်း..
"အဲဒါကတော့ သူကငါ့ဘဝရဲ့အစိတ်အပိုင်းတော်တော်များများမှာ ရှိနေခဲ့တာလေ..သံယောဇဉ်တွေကလည်း နည်းတာမှမဟုတ်တာ..ဒါကြောင့် သူက တခြားသူတစ်ယောက်နဲ့ ပိုပြီးသက်ဆိုင်သွားတော့မယ့်အခြေအနေမျိုးမှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ငါဝမ်းနည်းတာက သဘာဝကျတယ်မဟုတ်ဘူးလား"