"30"

33.2K 2.7K 226
                                    

Unicode

"ဒါကို သူကပေးခိုင်းထားခဲ့တာပေါ့ ဟုတ်လား"

လက်ထဲရောက်လာသည့် Vitamin Cချိုချဥ်ဘူးလေးကို ငုံ့ကြည့်ရင်း သူ့မှာတအံ့တသြ။

"ဟုတ်ပါတယ်..ဒီနေ့မှာ ဒါကို ဒေါက်တာ့လက်ထဲ ဆက်ဆက်ထည့်ပေးလိုက်ဖို့ bossက သေချာမှာသွားခဲ့တာပါ"

ခေါင်းစိမ်း၏အတွင်းရေးမှူးဖြစ်ဟန်တူသော အသားညိုညို၊ အရပ်အမောင်းကောင်းကောင်းနှင့်လူက ဘူးကိုတစ်ချက်ဝေ့ကြည့်ရင်း အခိုင်အမာဆိုသည်။

"သူက ဘယ်တော့ပြန်လာမှာလဲ"

"ဆွေးနွေးပွဲတစ်ခုတက်ရောက်ရဦးမှာဖြစ်လို့ နောက်ထပ်လေးငါးခြောက်ရက်လောက်တော့ ကြာဦးမယ်ထင်ပါတယ်"

ဟွန်းခနဲနှာမှုတ်မိတာက စိတ်အတွင်းထဲမှာသာ။ ခေါင်းစိမ်း အလုပ်ကိစ္စဖြင့် နိုင်ငံခြားထွက်သွားခဲ့သည်မှာ ယခုဆိုလျှင် ၁၀ရက်တောင် ကျော်နေခဲ့ပြီဖြစ်သည်။ လဝက်လောက်ခရီးသွားရမှာကိုပင် ခေါင်းစိမ်းက သူ့ကို တစ်ချက်တောင် နှုတ်ဆက်မသွားခဲ့။

ဒါသည် ခေါင်းစိမ်းပုံစံမဟုတ်။ ခေါင်းစိမ်းက သူ့ကိုအသိမပေးဘဲ ဘယ်သောအခါကမှ ထိုသို့ပျောက်ကွယ်သွားသည်ဟူ၍ မရှိခဲ့ဖူး။ ဘာလို့မှန်းမသိ။ ဒီရက်ပိုင်းများအတွင်း သူကြုံတွေ့နေရသည့်ကိစ္စများက အထူးအဆန်းတွေချည်းသာ။

"အစ်ကို သူနဲ့ ဖုန်းအဆက်အသွယ်များရသေးလား..ကျွန်တော် သူ့ကိုဖုန်းဆက်တာဘယ်လိုမှမရလို့"

"ကျွန်တော်လည်းမရပါဘူး"

ချိုချဉ်ဘူးလေးကို လက်ပြောင်းကိုင်လိုက်ရင်း ရှေ့တွင်ရပ်နေသောသူထံ တစ်ချက်ကြည့်လိုက်သည်။ မျက်လုံးချင်းဆုံသွားသည့်တိုင် အကြည့်တို့မလွှဲဖယ်သွားသူက လိမ်ညာနေဟန်တော့မရှိ။ သို့ပေသော်ငြား တစ်ခုခုကတော့ မသင်္ကာချင်စဖွယ်ကောင်းနေဆဲ။

"ဒါဆို သူနဲ့ဖုန်းအဆက်အသွယ်များရခဲ့ရင် ကျွန်တော့်ကိုလည်းအသိပေးပါအုံး"

တစ်ဖက်လူထံမှ အဖြေကား ပြန်မရ။ အာရုံကလည်း သူ့ထံတွင်ရှိမနေ။ မြဲမြံနေသောအကြည့်တို့က သူ့ကိုကျော်လျက် နောက်ကျောဘက်ဆီသို့သာ ကျရောက်လျက်ရှိသည်။ နဝေတိမ်တောင်ဖြင့် သူပါနောက်ကိုလိုက်ကြည့်မိတော့ ညှိုးရော်နေပြီဖြစ်သည့် ဒေလီယာပန်းပွင့်တွေ။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now