"35"

30.4K 2.2K 26
                                    

Unicode

"ရှင်းနို ဒါ ကိုလှိုင်ထူးမြတ်တဲ့..ငါ့မိတ်ဆွေ"

အသားညိုညိုနှင့်အစ်ကိုက ဖော်ဖော်ရွေရွေပြုံးပြသည်။ လက်လေးကမ်းလာတော့ အလိုက်တသိပင် ပြန်၍လက်ဆွဲနှုတ်ဆက်ရ၏။

"ကျွန်တော် မိုရှင်းနိုပါ..တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ"

တရင်းတနှီးနှုတ်ဆက်ကြရင်း လက်ပြန်ရုပ်လိုက်သည်အထိ ခေါင်းစိမ်းစိတ်ကို သူမမှန်းမိနိုင်သေး။ သူ့ကိုဒီကိုခေါ်လာပြီး မျက်စိရှေ့ကအစ်ကိုနှင့် တကူးတကလာရောက်မိတ်ဆက်ပေးနေရသည့် အကြောင်းအရင်းအမှန်ကို သူမခန့်မှန်းတတ်။ ကိစ္စတစ်ခုခုတော့ ရှိဟန်ပင်။

"ကိုထူးမြတ်ရဲ့သားလေးတောင် ရှစ်တန်းတက်နေပြီဆို"

"ဟုတ်ပဗျာ..ဒီကောင်က ဖအေတူတော့ လူကောင်ကတော့ အတော်ထွားတာပါလား"

ရယ်ရယ်မောမောဖြင့်စကားဆိုနေကြသူနှစ်ဦးကြောင့် သူသည်လည်း စကားဝိုင်းအတွင်းသို့ အလိုက်အထိုက်ပင် စီးမျောသွားရတော့သည်။ အသားညိုညိုနှင့် သူတို့ထက် အသက်လေးငါးနှစ်ကြီးဟန်တူသော အနှီအစ်ကိုက စကားပြောလည်းအလွန်ကောင်းလှသည်မို့ ပြုံးရသည်မှာလည်း ခဏခဏ။

"ဒါနဲ့ ကိုထူးမြတ်ရဲ့ စာအုပ်တိုက်လုပ်ငန်းကရော ဘယ်လိုလဲ..အဆင်ပြေရဲ့လားဗျ"

အချိန်တစ်ခုအကြာ ခေါင်းစိမ်းထံမှ ပုံမှန်အတိုင်း ထွက်ပေါ်လာသော အမေးစကား။

ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်စားမိလိုက်သလို သူ့လက်ဖျားလေးတွေ လှုပ်ခတ်သွားသည်။

မဟုတ်မှ...

"ပြေပါ့ညီလေးရေ..စာအုပ်တွေရောင်းရတာများ လက်တောင်မလည်နိုင်လောက်အောင်ပါပဲကွာ"

အရွှန်းဖောက်စကားကြောင့် ခေါင်းစိမ်းက ပြုံးသည်။ ဘေးနားကအစ်ကိုကလည်း အရယ်မပျက်။

သူတစ်ယောက်သာ အတွေးတို့များလျက် ရင်တွေတဒုန်းဒုန်းဖြစ်နေရခြင်းဖြစ်သည်။

"ဘာလို့မေးတာလဲကွ ငါ့ညီရ..တစ်ခုခုရှိလို့လား"

မမေးပါစေနဲ့လို့မျှော်လင့်နေပေမဲ့ ဆုတောင်းကား မပြည့်။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now