ဒီနေ့ ကျောင်းသို့ နောက်ဆုံးလပတ်စာမေးပွဲလာဖြေသဖြင့် ဘော်ဒါနေဆယ်တန်းအားလုံးလွတ်လပ်နေကြသည်။အဆောင်မှာ စာပြီး စာ နေရသမျှ ကျောင်းမှာတော့ မိန်းကလေးများက ဝိုင်းဖွဲ့ကာစကားပြောကြ၊မုန့်ဈေးတန်းမုန့်သွားစားကြနှင့်မအားလပ်ကြ။ယောက်ျားလေးများလည်း ထိုနည်းတူပင်။မိန်းကလေးများကဲ့သို့ရေပက်မဝင်အောင် စကားမပြောကြပေမဲ့ အုပ်စုလိုက်တရုံးရုံးဖြင့် လွတ်လပ်မှုအပြည့်ရှိနေကြသည်။
အငယ်တန်းတွေကလည်း အတန်းတင်စာမေးပွဲအတွက် စာကျက်သူကကျက်၊စကားပြောသူကပြော၊စာမေးပွဲလာဖြေမှသာမြင်ရတဲ့ ဆယ်တန်းကိုကြီးမကြီးများကို ငေးသူကငေး၊ဟိုဟိုဒီဒီပျားပန်းခက်အလုပ်ရှုပ်နေကြသော အဖြူအစိမ်းလေးများသည် နွေဦးရဲ့ပန်းချီကားလေးတစ်ချပ်ပမာ။
"ခေါင်းကိုက်လို့လား"
ဈာန်တို့တစ်စု ကျောင်းမြောက်ဘက် အရိပ် ကောင်းလှသော ပိတောက်ပင်ကြီးအောက်ရောက်နေကြတာ ဖြစ်သည်။ပိတောက်ပင်အောက်တွင် ကွပ်ပျစ်ထိုးထားသဖြင့် ထိုင်သူကထိုင်၊မတ်တပ်ရပ်သူကရပ်နေကြသည်။ဈာန်နဲ့ အလင်းကတော့ကွပ်ပျစ်တစ်နေရာတွင် နှစ်ယောက်အတူထိုင်နေကြသည်။ထိုင်နေစဉ် နားထင်ကို လက်ဖြင့်ထောက်လိုက်သူကြောင့် ဈာန်က မေးလိုက်သည်။ဈာန့်အမေးကို ခေါင်းငြိမ့်လာသူကြောင့် ဈာန် ရင်ထဲမကောင်းဖြစ်သွားရသည်။
ဒီစာမေးပွဲပြီးလို့ မကြာတော့မည့်ကာလမှာပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ဒါကြောင့်မလို့ စာကြည့်ချိန်တွေကို အရင်ထက်ပိုတိုးမြှင့်ကာ အားလုံးကိုတွန်းနေကြသည်။ဈာန်တို့တောင် တော်တော်လေးစာလုပ်နေရသည်။ချစ်ရသူလေးဆိုရင် သူ့မေမေက ဒီထက်ပိုတင်းကြပ်မည်ဖြစ်သည်။ချစ်ရသူလေး အတော်ပင်ပန်းရှာမှာပေါ့။
"ကိုယ် အချိုရည်သွားဝယ်လိုက်ဦးမယ်။"
ဈာန်ကပြောပြီး မုန့်ဈေးတန်းဆီ ထွက်သွားလိုက်သည်။
"အလင်း ယူဦးမလား။"
တစ်ယောက်ကပြောပြောဆိုဆိုဖြင့် ဆေးလိပ်ဘူး ကမ်းပေးလာသည်။ဆရာ၊ဆရာမတွေက သူတို့ အလုပ်သူတို့ရှုပ်နေကြသဖြင့်ကျောင်းသားတွေကို သိပ်ဂရုမစိုက်နိုင်။ပြီးတော့ ပိတောက်ပင်အောက်က အဝေးကနေဆို ဘာလုပ်နေတယ်ဆိုတာကို တန်းမမြင်နိုင်။ဒါကြောင့် ဆေးလိပ်ဘူးဖောက်၍ အကုန်လုံးတစ်လိပ်စီဝေကာ သောက်သူကသောက်၊မသောက်ဘဲယူထားသူကယူထားဖြင့် ဆေးလိပ်ဘူးတစ်ဘူးပင် ကုန်တော့မည်။အားလုံးထဲမှာမှ အလင်း တစ်ယောက်ပဲကျန်နေသဖြင့် အလင်းကိုလည်းကျော်မသွားဘဲ မေးမြန်းလာခြင်းဖြစ်သည်။