"ငါ့တူရယ် ကျေးဇူးတင်တယ်ကွာ။"
"ရပါတယ်ဗျာ၊ ကျွန်တော့်အတွက် အပန်းကြီးတဲ့အလုပ်မှမဟုတ်တာ။"
ဦးညိုမောင်က ဈာန့်ကိုကျေးဇူးတင်မဆုံးဖြစ်နေသည်။ကျေးဇူးတင်လည်း တင်ချင်စရာပင်။ဒီနှစ် ဈာန်တို့ရွာအနီးတစ်ဝိုက်က ကန်စွန်းအများဆုံး စိုက်ကြသည်။ကန်စွန်းက တစ်ပိဿာ ၂၅၀ ဈေးနဲ့တောင် ဘယ်ပွဲရုံကမှမကောက်ချင်ကြ။အားလုံးဒုက္ခရောက်ကြသည်။
ဦးညိုမောင်က ပိုပြီးဒုက္ခရောက်သည်။တော်တော်များများ ကန်စွန်းစိုက်ဖို့ ငွေကို ဦးညိုမောင်က ထုတ်ပေးထားသည်။ကန်စွန်းကရောင်းမထွက်တော့ ငွေများ ဆုံးမလိုဖြစ်သည်။ငွေကို အဆုံးမခံနိုင်တဲ့ ဦးညိုမောင်က ကန်စွန်းများကို ၂၀၀ ဈေးနဲ့ဖြတ်ပြီး သိမ်းရသည်။ကန်စွန်းတွေလက်ထဲရှိပေမယ့် ဝယ်မဲ့သူမရှိတော့ တလည်လည်နဲ့ ဦးညိုမောင်ဒုက္ခအကြီးအကျယ်ရောက်ရသည်။
ဈာန်က ဖအေ၏သွေးအပြည့်အဝပါသည် ပြောရမည်။ဈာန့်ဖေကြီး သန်တုန်းမြန်တုန်းအရွယ်က ပွဲစားလုပ်ဖူးသည်။ပွဲရုံထိတောင် ထောင်ဖို့စိတ်ကူးပေမယ့် ကိုယ်တိုင်က မလုပ်နိုင်မကိုင်နိုင်တော့။တစ်ဦးတည်းသော သား ဈာန့်ကိုလည်း မခိုင်းစားရက်။ဒါကြောင့် ပွဲစားအလုပ်ကိုစွန့်ပြီး ရိုးရိုးတောင်သူအလုပ်ကိုသာ နိုင်သလောက်လုပ်ကိုင်သည်။
ဖအေတူသားဈာန်ကလည်း ပွဲစားအလုပ်ကို စိတ်ဝင်စားသည်။ပွဲရုံထောင်ချင်သော်လည်း အရင်းအနှီးအတွက် မိဘများဆီက လက်ဖြန့်မတောင်းချင်။ဈာန်တောင်းလျှင် မိဘများက မြေယာများကိုရောင်းချပြီး အရင်းအနှီးထုတ်ပေးမည်။ဈာန်က သူ့အတွက်နဲ့ ဘိုးဘွားပိုင်မြေယာများကို မရောင်းစေချင်။ဒါကြောင့် ကိုယ်တိုင် အရင်းအနှီးရှာနိုင်မှ လုပ်မည်ဟု ဆုံးဖြတ်ထားသည်။
အခုလို အားလုံးဒုက္ခရောက်နေတာမြင်တော့ ဈာန်မနေသာ။သူ့ဖေကြီး၏အဆက်အသွယ်များဖြင့် ကန်စွန်းမစိုက်သောအရပ်ဒေသများကို ကန်စွန်းရောင်းနိုင်ဖို့ စီစဥ်သည်။ဈာန်၏အစီအစဥ်က အောင်မြင်သည်ဆိုရမည်။ဈာန်တို့တင်ဆောင်လာသော ကန်စွန်းဥမှန်သမျှ တစ်ပိဿာ ၃၀၀ ဈေးဖြင့် ပါသမျှအကုန် ကုန်သည်။အကွက်မြင်တတ်တဲ့ ဈာန်က ၂၅၀ ဈေးနဲ့ သူတို့နယ်ဘက်က ကန်စွန်းဥတွေကို အကုန်ကောက်သည်။အားလုံးကလည်း ကျေးဇူးတင်မဆုံး။ဦးညိုမောင်ဆိုရင် ဈာန်က သူ့အတွက် နတ်သားတစ်ပါးပင်။